ဆီးရီးယားဒုက္ခသည်များအတွက် ကန်ဒေါ်လာ ၁၆ သန်း ကူညီရန် တရုတ်အစိုးရ သဘောတူ

February 6, 2017

ဆီးရီးယားဒုက္ခသည်များအတွက် ကန်ဒေါ်လာ ၁၆ သန်း ကူညီရန် တရုတ်အစိုးရ သဘောတူ

ဆီးရီးယားနိုင်ငံက ဒုက္ခသည်တွေအတွက် တရုတ်အစိုးရက အမေရိကန်ဒေါ်လာ ၁၆ သန်း အကူအညီပေးဖို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ သဘောတူလိုက်ပါတယ်။ ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ “ဆီးရီးယားစီမံကိန်းနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်-PICC” အကြီးအကဲတို့ ဒမတ်စကပ်မြို့ PICC ရုံးချုပ်မှာ တွေ့ဆုံပြီး လက်မှတ်ရေးထိုး သဘောတူလိုက်တာပါ။ အဲဒီလက်မှတ်ထိုးပွဲအတွင်း တရုတ်သံအမတ်ကြီးက ဆီးရီးယားပြဿနာနဲ့ ပတ်သက်ပြီး မကြာသေးခင်က တိုးတက်ဖြစ်ထွန်းမှုတွေကို အကောင်းမြင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရုရှားနဲ့ တူရကီနိုင်ငံတွေက တင်ပြတဲ့ ငြိမ်းချမ်းရေးအစီအစဉ်အရ မကြာသေးခင်ကပဲ အက်စ်တာနာမြို့မှာ ဆီးရီးယားအစိုးရကိုယ်စားလှယ်တွေနဲ့ သူပုန်ကိုယ်စားလှယ်တွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့မှုကို ချီးကျူပြောဆိုခဲ့ပါတယ်။ ဒီ့နောက်ဆက်ပြီး ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက “တိုင်းပြည်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဆီးရီးယားပြည်သူတွေကို ကျနော်တို့ ထောက်ထားစာနာမိပါတယ်။ တရုတ်နဲ့ ဆီးရီးယား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအရ ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာအရေးနဲ့ပတ်သက်တဲ့ တာဝန်ယူမှု တာဝန်ခံမှုလည်း ဖြစ်ပါတယ်” လို့ ပြောကြားသွားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up