ဆီးရီးယားနိုင်ငံမှာ ခဏတာ အပစ်အခတ်ရပ်စဲအပြီး ဧပြီ ၂၄ ရက်က အလက်ပိုမြို့မှာ အကြီးအကျယ် ဗုံးကြဲခဲ့ပြီးပြီးချင်း အခြေအနေတွေကို ရိုက်ကူးထားတဲ့ ရုပ်သံတွေ လူမှုကွန်ရက် မီဒီယာတွေပေါ် ရောက်လာပါတယ်။
အစိုးရနဲ့ သူပုန်တွေကြား တိုက်ပွဲတွေက ဆီးရီးယားစစ်ပွဲရဲ့ ဗဟိုချက် ပြန်ဖြစ်လာခဲ့တာပါ။
ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပျက်စီးအပြီး မြို့ရဲ့ ၂ ဘက်လုံးမှာ တိုက်ပွဲတွေ ပြန်စခဲ့ပါတယ်။
အစိုးရက အလက်ပိုမြို့ရဲ့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို သိမ်းဖို့ ပြန်စတိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဒါဟာ သူပုန်တွေထိန်းချုပ်တဲ့ ဒေသထဲကို နောက်ဆုံးလမ်းကြောင်း အခြေချဖို့ ရည်မှန်းထားတဲ့ လှုပ်ရှားမှုပါ။
သူပုန်တွေ တပ်စွဲထားတဲ့ ဒေသတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြန်စခဲ့ပါတယ်။
သူပုန်တွေကလည်း သူတို့ရဲ့ ထောက်ပံ့ရေး နောက်ဆုံးလမ်းကြောင်း ပြန်ပွင့်ဖို့ အစိုးရ တပ်စွဲထားတဲ့ မြို့အစိတ်အပိုင်းကို ဗုံးနဲ့ တိုက်ခိုက်မှုတွေ တိုးလုပ်ခဲ့ပါတယ်။
ဆီးရီးယား ပြည်တွင်းစစ်ရဲ့ ဘက်ပေါင်းစုံက အဓိက တိုက်ခိုက်ရေးသမားတွေ အားလုံးဟာ အလက်ပိုဒေသမှာ တိုက်နေတာပါ။
သူပုန်တွေဟာ ဆီးရီးယား ကာဒစ်ရှ် ၀ိုင်ပီဂျီတပ်တွေ၊ အစိုးရတပ်တွေနဲ့ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ တူရကီ နယ်စပ်နားမှာ သီးခြားစီ တိုက်ပွဲဝင်နေပါတယ်။
တူရကီနယ်စပ်ကနေ အချိန်တိုတို ကားမောင်းရင် ရောက်နိုင်တဲ့ အလက်ပိုမြို့ဟာ ဆီးရီးယားရဲ့ အကြီးဆုံးမြို့ပါ။
ပဋိပက္ခ မဖြစ်ခင်က နိုင်ငံစီးပွားရေးကို အဓိက မောင်းနှင်နေတဲ့မြို့လည်း ဖြစ်ပြီး လူ ၂ သန်းကျော် နေထိုင်ပါတယ်။
5 years Ago