ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ကာ့ဒ်တပ်ဖွဲ့တွေရဲ့ အမာခံမြို့တမြို့ဖြစ်တဲ့ ကွမ်မစ်ခ်ျလီမြို့ (Qamishli) မှာ ဇူလိုင် ၂၇ ရက်နေ့က အင်အားပြင်း ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း လူအယောက် ၅၀ သေဆုံးသွားတယ်လို့ ဆီးရီးယားအစိုးရပိုင် ရုပ်သံက ကြေညာပါတယ်။
ကုန်တင်ကား ဗုံးဖောက်ခွဲမှုဖြစ်ပြီး ကာ့ဒ်တပ်ဖွဲ့ဌာနချုပ်အနားမှာ ပေါက်ကွဲခဲ့တာလို့ ဆီးရီးယားစစ် စောင့်ကြည့်ရေးအဖွဲ့ကလည်း ပြောပါတယ်။
ဆီးရီးယား ကာ့ဒ်တွေရဲ့ မြို့တော်အဖြစ် ကြေညာထားတဲ့ ဒီ ကွမ်မစ်ခ်ျလီမြို့ဟာ တူရကီနဲ့ နယ်စပ် ဟတ်စ်စကာ (Hassakeh) ပြည်နယ်မှာ တည်ရှိတာပါ။
ဒီတိုက်ခိုက်မှုကို အိုင်အက်စ် အကြမ်းဖက်တွေက သူတို့ရဲ့လက်ချက်လို့ ကြေညာထားပါတယ်။
အရင်ကလည်း ဆီးရီးယား ကာ့ဒ်အများစုနေထိုင်တဲ့ ဒေသတွေမှာလည်း အိုင်အက်စ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံမြောက်ပိုင်းက အိုင်အက်စ် အကြမ်းဖက်စစ်ဆင်ရေးတွေကို ဆီးရီးယား ကာ့ဒ် ၀ိုင်ပီဂျီ တပ်ဖွဲ့တွေက အမေရိကန်နဲ့ ညွန့်ပေါင်း လေကြောင်းပစ်ကူမှုတွေမှာ အဓိက ဦးဆောင်တိုက်ခိုက်နေကြတာပါ။
ဒီဗုံးပေါက်ကွဲမှုဟာ ပထမတော့ ဗုံးပေါက်ကွဲမှု ၂ ခုလို့ သတင်းဖော်ပြခဲ့ကြပေမယ့် ပထမပေါက်ကွဲမှုက ဓာတ်ငွေ့ပေါက်ကွဲမှုလို့ အေအက်ဖ်ပီသတင်းက ဆိုပါတယ်။
7 years Ago