ဆီးရီးယားစစ်လေယာဉ်ကို အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်က ပစ်ချ (ရုပ်သံ)

June 20, 2017

ဆီးရီးယားစစ်လေယာဉ်ကို အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်က ပစ်ချ (ရုပ်သံ)

အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က ဆီးရီးယားအစိုးရရဲ့ Su22 စစ်လေယာဉ်ကို ဇွန် ၁၈ ရက်နေ့က နိုင်ငံမြောက်ပိုင်း ရက်ကာမြို့ပေါ်မှာ ပစ်ချလိုက်တာဟာ နိုင်ငံရဲ့ အချုပ်အခြာကို ထိပါးချိုးဖောက်လိုက်တာလို့  ဆီးရီးယားအစိုးရက ညွန့်ပေါင်းတပ်ကို ပြစ်တင် ရှုံ့ချလိုက်ပါတယ်။ ပစ်ချခံရတဲ့ လေယာဉ်ရဲ့ လေယာဉ်မှူးလည်း ပျောက်ဆုံးနေကြောင်း ဆီးရီးယား အစိုးရ မီဒီယာက ပြောပါတယ်။ ပစ်ချခံလေယာဉ်ဟာ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွအုပ်စုကို ထိုးစစ်ဆင်နေတဲ့ စစ်ဆင်ရေးထဲက လေယာဉ်ပါ။ ဒီလေယာဉ်ကို အမေရိကန်က ပစ်ချတာဟာ အကြမ်းဖက်အုပ်စုအတွက် အမေရိကန်က ထောက်ပံ့နေတဲ့ အခန်းကဏ္ဍရဲ့ သက်သေပဲလို့လည်း ဆီးရီးယား အစိုးရက စွပ်စွဲပါတယ်။ ဒီတိုက်ခိုက်မှုရဲ့ အန္တရာယ်ကြီးတဲ့ ဂယက်ကိုလည်း သတိပေးခဲ့ပါတယ်။ ဆီးရီးယား စစ်တပ်က ရက်ကာမြို့တောင်ပိုင်းနဲ့ အနောက်ပိုင်းက အိုင်အက်စ်တွေကို စီးနင်းနေပြီး အမေရိကန် ကျောထောက်နောက်ခံ ပေးထားတဲ့ (SDF) ဆီးရီးယား ဒီမိုကရက်တစ် တပ်တွေကတော့ ရက်ကာမြို့ထဲက အိုင်အက်တွေနဲ့ တိုက်ပွဲဝင်နေတာပါ။ ရက်ကာမြို့ဟာ အိုင်အက်စ်စစ်သွေးကြွတွေ ကြေညာထားတဲ့ ကာလီဖိတ် နိုင်ငံတော်ရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ ညွှန့်ပေါင်းတပ်တွေဟာ (SDF) တွေ ထိန်းချုပ်ထားတဲ့ နယ်မြေကို လေကြောင်းက တိုက်ခိုက်လာတဲ့ စစ်လေယာဉ်တစီးကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ ပစ်ချခဲ့တယ်လို့ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။ ဆီးရီးယားနဲ့ ရုရှားဟာ ညွန့်ပေါင်းတပ်ရဲ့ ပစ်မှတ်မဟုတ်ပေမယ့် တကယ်လို့ လိုအပ်လာခဲ့ရင် ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်တာတွေ လုပ်မယ်လို့လည်း ကြေညာချက်က ပြောခဲ့ပါတယ်။ ရုပ်သံ - စီဂျီတီအန
6 years Ago
Up