ဆီးရီးယားစစ်တပ်

May 9, 2019

သူပုန် ခြေကုပ်ယူထားသည့် နောက်ဆုံးလက်ကျန်ဒေသကို ဆီးရီးယားစစ်တပ် ထိုးစစ်ဆင် (ရုပ်သံ)

ဆီးရီးယားစစ်တပ်ဟာ သူပုန်တွေ ခြေကုပ်ယူထားတဲ့ နောက်ဆုံးလက်ကျန်ဒေသကို ထိုးစစ်ဆင်နေတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က မေလ ၇ ရက်နေ့မှာ ပြောပါတယ်။ ဟားမားနဲ့ အီဒလစ်ဒေသမှာ ဆီးရီးယားအစိုးရ ရဟတ်ယာဉ်တွေဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်တခု လူမှုမီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ သူပုန်တွေ ထိန်းချုပ်ထားတဲ့ အီဒလစ်ဒေသမှာ ပဋိပက္ခတွေ မြင့်တက်လာနေပြီး အဲဒီအခြေအနေဟာ ၂၀၁၈ စက်တင်ဘာလကတည်းက ဆီးရီးယားအစိုးရ ထိုးစစ်ဆင်မှု ရပ်ဆိုင်းထားတဲ့ ရုရှား-တူရကီ သဘောတူညီချက်ကို ပိုတင်းမာလာစေပါတယ်။ ဧပြီ ၃၀ ရက်နေ့ကတည်းက အီဒလစ်နဲ့ ဟားမားဒေသမှာ ဆီးရီးယားအစိုးရရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၁ ယောက် အပါအဝင် အရပ်သား ၆၉ ယောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပစ်ခတ်မှုတွေအတွင်း သူပုန် ၄၁ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။ ရုရှားအစိုးရ လာရောက်ပူးပေါင်းတဲ့ ၂၀၁၅ ကတည်းက ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတော်တော်များများကို ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အီဒလစ်ဒေသမှာ လူဦးရေ ၃ သန်းကျော် နေထိုင်နေကြတာကြောင့် တိုက်ပွဲ ပြင်းထန်လာရင် အဲဒီဒေသမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတခု ဖြစ်လာမှာကို စိုးရိမ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
3 years Ago

July 5, 2018

စစ်သွေးကြွများထံမှ သိမ်းဆည်းရမိသည့် လက်နက်များ ဆီးရီးယားစစ်တပ် ပြသ

ဆီးရီးယားအစိုးရတပ်တွေဟာ ဒေရာယာ စီရင်စုထဲက အစိုးရဆန့်ကျင်ရေး စစ်သွေးကြွတွေဆီကနေ အရင်သီတင်းပတ်က သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို ဇူလိုင် ၄ ရက်နေ့က မီဒီယာတွေရှေ့မှာ ခင်းကျင်းပြသခဲ့ပါတယ်။ ဒေရာယာမြို့ စစ်စခန်းရဲ့ လေ့ကျင့်ရေးကွင်းပြင်ထဲမှာ ပြသထားတဲ့ လက်နက်တွေထဲမှာ စက်သေနတ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ ပုခုံးထမ်း အသံလွှင့်စက်တွေ၊ ဒုံးကျည်တွေနဲ့ တင့်ကားတွေပါ ပါပါတယ်။ မြို့အရှေ့တောင်ဘက်က ရွာလေးရွာကို စစ်ဆင်ရေးအတွင်း ဒီလက်နက်တွေကို ရခဲ့တယ်၊ လက်နက်တွေကို အမျိုးအစားအလိုက် စာရင်းပြုစုနေဆဲလို့ ဆီးရီးယား အာရပ်စစ်တပ်ရဲ့ စစ်ဦးစီးမှူးက ပြောပါတယ်။ စစ်တပ် ရွာထဲမဝင်ခင် စစ်သွေးကြွတွေ ထွက်ပြေးလွတ်မြောက်သွားတယ်၊ ဒါပေမယ့် လက်နက်တွေကို ချန်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ တချို့လက်နက်တွေက ဆီးရီးယားမှာ ရှားပါးလွန်းလို့ နိုင်ငံတကာ အင်အားကြီးနိုင်ငံတွေဆီက ရထားတယ်လို့လည်း သူက မှတ်ချက်ပေး ပြောဆိုပါတယ်။ ဒီလိုလက်နက်မျိုးတွေကို အလက်ပိုနဲ့ ဂူတာအရှေ့ပိုင်းမှာ တွေ့ဖူးပါတယ်။ ဒီအတွက် ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အနောက်ဥရောပ နိုင်ငံတွေက စစ်သွေးကြွတွေကို ထောက်ပံ့နေတယ်လို့ ဆီးရီးယားအစိုးရက အရင်က စွပ်စွဲရှုတ်ချခဲ့ဖူးပါတယ်။
3 years Ago
More News
Up