ဆီးရီးယားကို

November 18, 2017

ဆီးရီးယားကို အရေးယူမည့် ကုလဆုံးဖြတ်ချက် ရုရှားက ဗီတိုအာဏာသုံး ပယ်ချ

အမေရိကန်ဦးဆောင်ရေးဆွဲတဲ့ ဆီးရီးယားကို အရေးယူမယ့် ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ရုရှားက ၁၀ ကြိမ်မြောက်  ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ပါတယ်။ အခုဆုံးဖြတ်ချက်အသစ်ဟာ ဧပြီလက ဆီးရီးယားအစိုးရရဲ့ တိုက်ခိုက်မှုမှာ ဓာတုလက်နက်သုံးခဲ့ခြင်း ရှိ၊ မရှိ နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုကို ဆက်လက်ခွင့်ပြုဖို့ကိစ္စ ဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ခဲ့ကြရာမှာ ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တာဖြစ်ပါတယ်။ “ရုရှားဟာ ဒီစုံးစမ်းစစ်ဆေးမှုကို တားဆီးဖို့ အကြိမ်ကြိမ်လုပ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီနေ့ကတော့ တော်တော့်ကို ပြင်းထန်ပါတယ်။ ရုရှားဟာ ဒီလုံခြုံရေးကောင်စီက အကြီးအကျယ် ထောက်ခံထားတဲ့ ပူးတွဲစစ်ဆေးရေးယန္တရားကို ဖျက်ဆီးပစ်လိုက်တာပါ။ ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့သူကို ဖော်ထုတ်မယ့် ကျမတို့ရဲ့ စွမ်းရည်ကို ရုရှားက ပယ်ဖျက်လိုက်ပြီး  နောက်ဖြစ်လာမယ့် တိုက်ခိုက်မှုတွေကို တားဆီးနိုင်စွမ်းအပေါ် ယုတ်လျော့အားပျော့သွားအောင်လုပ်လိုက်တာပါ။ ဒီနေ့ ရုရှားရဲ့ လုပ်ရပ်ကြောင့် ဆီးရီးယားသမ္မတ အာဆတ်နဲ့ အိုင်အက်စ် အစ္စလာမ္မစ်တွေရဲ့ ဓာတုလက်နက် အသုံးပြုတာတွေကို သတိပေးတားမြစ်လို့ မရဖြစ်သွားပါပြီ” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက ပြောပါတယ်။ “အမေရိကန်ရေးဆွဲထားတဲ့ ဒီဆုံးဖြတ်ချက်ဟာ မျှမျှတတမရှိပါဘူး။ ဒီဆုံးဖြတ်ချက်ရဲ့ အဓိကအပိုင်းဟာ ကျွမ်းကျင်သူတွေဆွေးနွေးကြတဲ့ ကာလတလျောက်လုံးမှာလည်း အရင်လိုပဲ ထူးပြီးပြောင်းလဲသွားတာမရှိပါဘူး။ အပေါ်ယံလောက်ပဲ တို့ထိပြောင်းထားတာပါ။ နောက်ပြီး ဆီးရီးယားမှာရှိတဲ့ ဓာတုလက်နက်တွေနဲ့ ပတ်သက်တဲ့ အမှတ်အသားတွေကို ဖျောက်ဖျက်ပစ်ခဲ့တဲ့ ဆိုတာကို ဘယ်စုံစမ်းစစ်ဆေးရေးအဖွဲ့ကမှ ဖော်ထုတ်ပြသနိုင်တာမျိုးမရှိသေးပါဘူး။ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် အမေရိကန်နဲ့ လက်တွေ့မကျတဲ့ ဆုံးဖြတ်ချက်မူကြမ်းအသေးစိတ်ကို အသေအချာ မလေ့လာခဲ့ကြတဲ့သူတွေကို သတိပေးလိုတာက ဒီစစ်ဆေးရေးယန္တရားကို မပြင်နိုင်ဘူးဆိုရင်တော့ တာဝန်ဟာ ကိုယ့်အပေါ်ပဲ ပုံကျလာမယ်ဆိုတာပါပဲ။ ရုရှားကတော့ အဲဒီလိုအဖြစ်မျိုးမဖြစ်အောင် တတ်နိုင်သမျှ အကုန်လုပ်နေတာပါ” လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗာဆီလီ ညီဗင်ဆာက ပြောပါတယ်။
3 years Ago

April 9, 2017

ဆီးရီးယားကို အမေရိကန်တိုက်ခိုက်မှု အကြမ်းဖက်သမားများ အောင်ပွဲခံနေဟု အီရန်`ပြော

ဆီးရီးယားလေတပ်အခြေစိုက်စခန်းကို အမေရိကန်က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ကို အကြမ်းဖက်တွေက အောင်ပွဲခံနေကြတယ်လို့ အီရန်သမ္မတ ဟတ်ဆန် ရူဟာနီက စနေနေ့က ပြောဆိုလိုက်ပါတယ်။ အီရန်နိုင်ငံဟာ ဆီးရီးယားသမ္မတအာဆက်ကို အကာအကွယ်ပေးနေတဲ့ ရုရှားနိုင်ငံနဲ့ မဟာမိတ်ဖြစ်ပါတယ်။ သောကြာနေ့ မနက်ပိုင်းက အမေရိကန်ရဲ့ ဒုံးကျည် တိုက်ခိုက်မှုအတွင်း လူ ၆ ဦးသေဆုံးတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းက အစ်ဒလစ်ပြည်နယ်မှာ လူ ၈၉ ဦးသေဆုံးတဲ့ ဓာတုအဆိပ် တိုက်ခိုက်မှုလို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့အပြီး နောက်တရက်မှာ အမေရိကန်က ဆီးရီးယားလေတပ်စခန်းကို ပစ်ခတ်ခဲ့တာပါ။ ဆီးရီးယားအစိုးရရော၊ ရုရှားနိုင်ငံတို့ကပါ ဓာတုအဆိပ်တိုက်ခိုက်မှုကို ငြင်းဆိုထားပြီး ရုရှားနိုင်ငံကတော့ သူပုန်တွေ သိုလှောင်ထားတဲ့ ဓာတုလက်နက်တိုက်ကို ထိမှန်ပေါက်ကွဲတာလို့ ပြောဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့အပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးလည်း မော်စကိုမြို့တော်ကို သွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ အမေရိကန်က ဆီးရီးယားလေတပ် အခြေစိုက်စခန်းကို တိုက်ခိုက်မှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ဆီးရီးယားမြို့တော်၊ ဒမတ်စကပ်မြို့တော်နဲ့ တခြားကမ္ဘာ့မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့ပါတယ်။
4 years Ago
Up