ဆီးရီးယားကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့မှု နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်ဟု ရုရှားအမတ် ပြော

April 10, 2017

ဆီးရီးယားကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့မှု နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်ဟု ရုရှားအမတ် ပြော

ဧပြီ ၇ ရက်နေ့မှာ အမေရိကန်ရေတပ်ကနေ ဆီးရီးယားကို ဒုံးကျည်တွေနဲ့ ပစ်ခဲ့တာဟာ ရုရှားကို တိုက်ခိုက်ရာလည်းရောက်ပြီး နျူကလီးယားစစ်ပွဲ ဖြစ်လာစေနိုင်တယ်လို့ ရုရှားဥပဒေပြုအမတ် ၁ ဦးက ပြောလိုက်ပါတယ်။ အစတည်းက ပျက်လုလုဖြစ်နေတဲ့ အမေရိကန်-ရုရှား ဆက်ဆံရေးကို သမ္မတသစ် ထရမ့်လက်ထက်မှာ ပြန်ကောင်းလာနိုင်ဖို့ ရုရှားက မျှော်လင့်ခဲ့ပေမယ့် အခုလုပ်ရပ်ကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမိုဆိုးရွားသွားစေနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။ ရုရှားလွှတ်တော်အမတ်က “ဓာတုလက်နက်သုံးတယ်ဆိုတဲ့ သတင်းတွေက အကုန်လိမ်ညာနေတာတွေချည်းပဲ။ ဓာတုလက်နက် အကြောင်းပြချက်ဟာ အမှန်တကယ်တော့ အမေရိကန်က ဆီးရီးယားအရေးမှာ တိုက်ရိုက်ဝင်ရောက်စွက်ဖက်ဖို့အတွက် ပေးတဲ့ အကြောင်းပြချက်သက်သက်သာ ဖြစ်တယ်။ ဆီးရီးယားအစိုးရမှာ ဘာဓာတုလက်နက်မှ မရှိတော့ဘူး။ အရင်ကရှိခဲ့တဲ့ ဓာတုလက်နက်တွေကိုလည်း အမေရိကန်ကိုယ်တိုင် ကြီးကြပ်ပြီး ရှင်းလင်းခဲ့ပြီးပြီ။ ဆီးရီးယားအစိုးရကို ရုရှားက ထောက်ခံနေတယ်ဆိုတာကို သိလျက်နဲ့ ခုလိုတိုက်ခိုက်လိုက်တာဟာ ရုရှားကို တိုက်ခိုက်ရာလည်းရောက်တယ်။ ပြီးတော့ သူတို့ အဲဒီလိုပစ်တဲ့အချိန် လေယာဉ်ကွင်းနားမှာ ဆီးရီးယားပြည်သူတွေ မရှိဘူးလို့ မပြောနိုင်ဘူး” လို့ ပြောခဲ့တာပါ။ သူက ဆက်လက်ပြီး “ဘယ်သူကမှန်တယ်၊ မှားတယ်ဆိုတာကို အမေရိကန် ၁ နိုင်ငံတည်းက ဆုံးဖြတ်လို့မရဘူး။ နိုင်ငံတကာ သက်သေအထောက်အထားတွေနဲ့ သေချာစုံစမ်းပြီးမှသာ ဆုံးဖြတ်ရမှာဖြစ်တယ်” လို့ ရုရှားလွှတ်တော်အမတ်က ပြောဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up