ဆီးနှင်းထူထပ်စွာကျ

December 17, 2020

ဂျပန်ကမ်းရိုးတန်း၌ ဆီးနှင်းထူထပ်စွာကျ ၊ လျှပ်စစ်မီးပြတ်

ဂျပန်နိုင်ငံ အလယ်ပိုင်းနဲ့မြောက်ပိုင်း ကမ်းရိုးတန်းတလျှောက်မှာ ဆီးနှင်းထူထပ်စွာ ကျဆင်းနေလို့  ဒေသ တစ်ခုနဲ့ တစ်ခု သွားလာရ ခက်ခဲပြီး အိမ်ထောင်စု  ၁၀,၀၀၀ လောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။  ဒီအတွက် ဆိုးရွားလှတဲ့ ပြဿနာကို ဖြေရှင်းဖို့ ဒီဇင်ဘာ ၁၇ ရက်က အစိုးရဟာ အရေးပေါ် အစည်းဝေး ခေါ်ယူခဲ့ရပါတယ်။   နာအီဂါတာနဲ့ ဂန်မာ စီရင်စုတွေမှာ ဆီးနှင်းအလွန်ကျခဲ့ပြီး  ၃ ရက်အတွင်း ဆီးနှင်းထုဟာ ၆  ပေခွဲ ကျော်ရှိတယ်လို့  NHK သတင်းက ဆိုပါတယ်။  ဆီးနှင်းကြောင့် ပိတ်ဆို့နေတဲ့ လမ်းမတွေမှာလည်း ယာဉ်ပေါင်း ထောင်ချီ သောင်တင်ခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးကို ဆေးရုံ ပို့ခဲ့ရတယ်လို့  NHK  သတင်းမှာ ဖော်ပြပါတယ်။  ကားလမ်းမမှာ ပိတ်မိနေတဲ့ ယာဉ်မောင်းတွေအတွက် အစားအစာနဲ့ ရွေ့လျားရေအိမ်တွေ စီစဉ်ပေးခဲ့တယ်လို့ ဒေသအဝေးပြေးလမ်းမအာဏာပိုင်တွေကို ကိုးကားပြီး ရိုက်တာက ရေးပါတယ်။ 
4 months Ago
Up