ဆီးဒရစ်ဆွာရက်ဇ်

February 2, 2020

အာဆင်နယ်အသင်းဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ - ကစားသမားသစ်ဆီးဒရစ်

အာဆင်နယ်အသင်းဟာ နည်းပြအာတီတာလက်ထက်မှာပြောင်းလဲမှုများစွာ ပေါ်ပေါက်လာ ခဲ့တယ်လို့ ကစားသမားသစ် ဆီးဒရစ်ဆွာရက်ဇ် ပြောပါတယ်။  အာဆင်နယ်အသင်းကို ဇန်နဝါရီအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အငှားနဲ့ ရောက်ရှိလာခဲ့ နောက်ပိုင်း အခုလို ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပေါ်တူဂီနောက်ခံလူဟာ အာတီတာလက်ထက်မှာ ခေါ်ယူခဲ့တဲ့ ဒုတိယမြောက်‌ ကစားသမား ဖြစ်လာခဲ့ပြီး ဆီးဒရစ်မတိုင်ခင် အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖလာမင်ဂို နောက်ခံလူ ပါဘလိုမာရီကို ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။  ဆီးဒရစ်ဟာ အာဆင်နယ်အသင်းကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အာတီတာလက်ထက်အတွင်း အာဆင်နယ်အသင်းမှာ ပေါ်ပေါက်လာတဲ့ အပြောင်းအလဲတွေကို မြင်တွေ့နေရတယ်လို့ သူက ပြောပါတယ်။  “ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့အရာတွေပါ‌။ ကျနော် အာဆင်နယ်အသင်းကို ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲက စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်” လို့ အာဆင်နယ် ကစားသမားသစ်က ပြောပါတယ်။  “အာဆင်နယ်အသင်းကို ကြည့်မယ်ဆိုရင် တစုံတခုကတော့ သေသေချာချာ ပြောင်းလဲ လာတာကို တွေ့ရမှာပါ။အသင်းမှာ လုပ်စရာတွေ အများကြီး ရှိနေသေးတယ် ဆိုပေမယ့် အာတီတာ ဟာ ပြိုင်ပွဲတွေထဲကို သူ့အကြံဉာဏ်တွေ ထည့်သွင်း အသုံးပြုပြီးသား ဖြစ်တယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့အရာပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်း အနာဂတ်မှာ အောင်မြင်မှုရလိမ့်မယ်ဆိုတာကို ကျနော် သေချာပေါက် ပြောနိုင်ပါတယ်။ကျနော့်အမြင်ကို ပြောရရင် သူတို့ဟာ ကစားပွဲကို သုံးသပ်နိုင်ပါတယ်။ ပြီးတော့ ဘောလုံးနဲ့လည်း သက်သောင့်သက်သာဖြစ်နေတာပါတယ်။ ဘောလုံး ပျက်သွားတဲ့အချိန်မှာလည်း ကစားသမားတွေ ကို ပိုင်ဆိုင်မှုပြန်ရဖို့ အားကုန်ထုတ်ကြပါတယ်။ ဒါဟာ ပြင်းပြင်းထန်ထန် ဖိအားပေးတဲ့ ကစားပုံ ဖြစ်ပြီးတော့ သူတို့ဟာ ပြိုင်ဘက်ကို ထိန်းချုပ်ပြီးတော့ ဂိုးသွင်းဖို့ကို ကြိုးစားကြတာ ဖြစ်ပါတယ်။ ဒီလိုပုံစံတွေကြောင့် အာဆင်နယ်အသင်းဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ကျနော် ထင်ပါတယ်” လို့ အသက် ၂၈ နှစ်အရွယ် ဆီးဒရစ်က ပြောပါတယ်။ ဆီးဒရစ်ဟာ ၄ နှစ်တာ ကာလအတွင်း ဆောက်သမ်တန်အသင်းအတွက် ၁၃၈ ပွဲ ကစားခဲ့သူ ဖြစ်ပြီးတော့ အငှားစာချုပ် ကုန်ဆုံးချိန်မှာ အာဆင်နယ်အသင်းနဲ့ အပြီးသတ် စာချုပ်ချုပ်ဆိုမယ်လို့ ယူဆရပါတယ်။  “ဒီကို ပြောင်းလာဖို့က ကျနော့်အတွက်တော့ ကြီးမားတဲ့ အခွင့်အလမ်းတခုပါပဲ။ ကျနော် ပြောခဲ့သလိုပဲ အင်္ဂလန်မြေကို လေးနှစ်ခွဲကြာ ရောက်ရှိနေခဲ့တာ ဖြစ်ပြီး အခုချိန်မှာတော့ အာဆင်နယ်အသင်းမှာ ပါဝင်ဖို့ အခွင့်အရေးရလာခဲ့ပါပြီ။ ဒါဟာ ကျနော် မျှော်လင့်ခဲ့တဲ့အရာ ဖြစ်ပြီးတော့ ကစားသမားဘဝအတွက်လည်း အရေးပါတဲ့ အခိုက်အတန့် ဖြစ်ပါတယ်” လို့ သူက ထပ်မံပြောဆိုသွားခဲ့ပါတယ်။
1 year Ago
Up