ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲတွင်  မြန်မာအသင်း အိမ်ရှင် ဖိလစ်ပိုင်၊ မလေးရှားတို့နှင့် တအုပ်စုထဲကျ

June 11, 2020

မလေးရှားတွင် ဇွန် ၁၀ ရက်မှစ၍ ပြည်တွင်းခရီးသွားခွင့်ပြု

မလေးရှားနိုင်ငံမှာ ဇွန်လ ၁၀ ရက်ကစပြီး ပြည်နယ်တွေအချင်းချင်း ခရီးသွား ခွင့်ပြုလိုက်သလို စီးပွားရေးလုပ်ငန်း အားလုံးနီးပါးကိုလည်း ပြန်စလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၃ လနီးပါးက ချမှတ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေးအတွက် ကန့်သတ်ချက်တွေကို ပြန်ဖြေလျှော့ပေးလိုက်တာပါ။ ဒါဟာ ကူးစက်ကပ်ဘေးကြောင့် ထိခိုက်တဲ့ စီးပွားရေး ပြန်နာလန်ထူနိုင်ဖို့ပါ။ အရှေ့တောင်အာရှနိုင်ငံ မလေးရှားဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အသစ်တွေ လျော့ကျလာပြီးတဲ့နောက် မေလမှာ ကန့်သတ်ချက်တွေကို တစိတ်တပိုင်း ပယ်ဖျက်ပေးခဲ့ပါတယ်။  ဒီသီတင်းပတ်မှာ ကူးစက်ခံ အရေအတွက်က ခုဂဏန်းသာ ရှိတဲ့အထိ ကျဆင်းခဲ့လို့ ကန့်သတ်ချက်တွေ ပိုပြီး ဖယ်ရှားပေးခဲ့ပါတယ်။ ဇွန် ၁၀ ရက်နေ့က ပြန်ဖွင့်ပေးလိုက်တဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ အလှပြင်ဆိုင်တွေ၊ အထည်အလိပ်ဆိုင်တွေပါပြီး လူချင်းခွာ နေရမယ့် လုပ်ဆောင်ချက်တွေအောက်မှာ လုပ်ငန်း လုပ်ခွင့် ပေးထားတာပါ။  မလေးရှားအစိုးရဟာ နိုင်ငံတကာနယ်စပ်တွေကိုတော့ ပိတ်ထားဆဲ ဖြစ်ပါတယ်။ လူစုလူဝေးတွေ၊ လူချင်းနီးနီး ကစားရတဲ့ အားကစားပွဲတွေ၊ နိုက်ကလပ်တွေ၊ အပန်းဖြေ ဥယျာဉ်တွေလိုမျိုး ဖျော်ဖြေရေးဌာနတွေကို ဖွင့်ခွင့်မပြုသေးပါဘူး။
1 year Ago

October 15, 2019

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲတွင်  မြန်မာအသင်း အိမ်ရှင် ဖိလစ်ပိုင်၊ မလေးရှားတို့နှင့် တအုပ်စုထဲကျ 

ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲ  ‌အသက် ၂၂ အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအတွက် အုပ်စုခွဲရာမှာ မြန်မာ အသင်းက အုပ်စု (က) မှာ အိမ်ရှင် ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ တီမော ယူ-၂၂ အသင်းတို့နဲ့ တအုပ်စုထဲ ယှဉ်ပြိုင်ကစားရမှာပါ။   အုပ်စု (ခ) မှာတော့ အာဆီယံဒေသတွင်း အင်အားကြီးအသင်းတွေဖြစ်တဲ့ ဗီယက်နမ်၊ ထိုင်း၊ အသင်းတွေနဲ့ အင်ဒိုနီးရှား၊ လာအို၊ စင်ကာပူနဲ့ ဘီရူနိုင်းအသင်းတွေက တအုပ်စုထဲ ကျနေပါတယ်။ အုပ်စုခွဲဝေမှုအရ မြန်မာအမျိုးသမီး အသင်းကလည်း အိမ်ရှင် ဖိလစ်ပိုင်အသင်း မလေးရှားအသင်းတွေနဲ့ တအုပ်စုထဲ  ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အုပ်စုခွဲဝေမှုနဲ့ပတ်သက်လို့ အရေးမကြီးဘဲ အကောင်းဆုံးလေ့ကျင့်ပြင်ဆင်ထားဖို့သာ အရေးအကြီးဆုံးဖြစ်ကြောင်းနဲ့ကောင်းကောင်းပြင်ဆင်ထားရင် ဘယ်အသင်းကိုမှ မှုစရာ မလိုဘူးလို့   မြန်မာလက်ရွေးစင် ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်က မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပြောပါတယ်။  မြန်မာယူ-၂၂ အသင်း အနေနဲ့ စက်တင်ဘာ ၂၃ ရက်မှ စတင်ပြီး စခန်းသွင်း လေ့ကျင့်နေပြီး ဆီးဂိမ်းစ်ပြိုင်ပွဲ မတိုင်မီ အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၁ ရက်ထိ ကာတာနိုင်ငံသို့သွားရောက် လေ့ကျင့်ခြေစမ်းပွဲ သုံးပွဲ ကစားဖို့ ရှိပါတယ်။ ကာတာနိုင်ငံမှ ပြန်လာပြီးနောက် နိုဝင်ဘာ ၁၇ မှာ ဗီယက်နမ်ယူ-၂၂ အသင်းနဲ့ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာလည်း ခြေစမ်းကစားဖို့ သဘောတူညီမှုရထားပြီးပြီလို့ အဖွဲ့ချုပ် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)ပြိုင်ပွဲတွေကို လာမယ့် နိုဝင်ဘာလ ၃၀ ရက်ကနေ စတင်ပြီး ဒီဇင်ဘာ  ၁၁ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ-NHANDAN
2 years Ago
Up