ဆီးဂိမ်းစ်

December 10, 2019

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲတွင် မြန်မာက ကမ္ဘောဒီးယားကို အနိုင်ယူပြီး တတိယ ရရှိ

ဖိလစ်ပိုင်နိုင်ငံမှာ ဒီနေ့ မွန်းလွဲပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ အရှေ့တောင်အာရှ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲမှာ မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားပါတယ်။ ဒီနေ့ပွဲမှာ ပွဲစစချင်း ၁ မိနစ်မှာ ကမ္ဘောဒီးယား အသင်းက အဖွင့်ဂိုး သွင်းယူခဲ့တာဖြစ်ပြီး မြန်မာအသင်းအတွက် ချေပဂိုးကိုတော့ အောင်ကောင်းမာန်က ၉ မိနစ်မှာ ပြန်လည်သွင်းယူခဲ့ပါတယ်။ ပွဲကစားချိန် ၃၅ မိနစ်မှာတော့ ကမ္ဘောဒီးယား ကစားသမားက မြတ်ကောင်းခန့်ကို ပြစ်ဒဏ်ကျူးလွန်လို့ ဖရီးကစ်ကန်ခွင့်ရရှိခဲ့ပါတယ်။ ဒီဖရီးကစ်ကို မြတ်ကောင်းခန့်ကပဲ လှလှပပ သွင်းယူပြီး ၂-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ပထမပိုင်း ပြီးဆုံးချိန်အထိ ဂိုးမသွင်းနိုင်ပဲ ပြီးဆုံးသွားပါတယ်။ ဒုတိယပိုင်းမှာ ကမ္ဘောဒီးယားအသင်းက ပြန်လည်ထိုးဖောက်ကစားလာခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာ မြန်မာကစားသမား ဖျက်ထုတ်တာကြမ်းလို့ ပြစ်ဒဏ်ဘောပေးလိုက်ရပါတယ်၊ ပြစ်ဒဏ်ဘောကို ကမ္ဘောဒီးယားအသင်းက ကန်သွင်းနိုင်ခဲ့လို့ တဖက် ၂-၂ ဂိုးစီ ဖြစ်သွားလို့ ပွဲက ပိုကြည့်ကောင်းခဲ့ပါတယ်။ ဒီနောက် ပွဲကစားချိန် ပြီးဆုံးတဲ့အထိ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်လို့ ပင်နယ်တီကန်ရာမှာတော့ မြန်မာက ၅ ဂိုး၊  ကမ္ဘောဒီးယားက ၄ ဂိုးသာ ဝင်ခဲ့လို့ ၇ ဂိုး ၆ ဂိုးနဲ့ အနိုင်ရရှိပြီး တတိယ ရရှိခဲ့ပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ မြန်မာအမျိုးသား ယူ ၂၂ အသင်းဟာ အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့ရပြီး ကမ္ဘောဒီးယားအသင်းကတော့ ဗီယက်နမ်ကို ရှုံးနိမ့်ခဲ့တာကြောင့် တတိယ နေရာလုပွဲ ယှဉ်ပြိုင်ကစားခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကိုတော့ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားအသင်းတို့ ဒီနေ့ည ၆ နာရီခွဲ ယှဉ်ပြိုင်ကစားရမှာပါ။ Photo : Myanmar Football Federation
2 years Ago

December 3, 2019

ဆီးဂိမ်းစ်ပြိုင်ပွဲဝင်ရန် မသက်ထားသူဇာ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာ

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မြန်မာကြက်တောင်ရိုက် အားကစားမယ် မသက်ထားသူဇာနဲ့  မတွယ်တာဦးတို့ ဒီကနေ့ ရန်ကုန်လေဆိပ်ကနေ ဖိလစ်ပိုင်နိုင်ငံကို ထွက်ခွာသွားပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မသက်ထားသူဇာနဲ့  မတွယ်တာဦးတို့ဟာ အမျိုးသမီး ကြက်တောင်တစ်ဦးချင်း (Women Singles) ပြိုင်ပွဲအမျိုးအစားကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့ စတင်ယှဉ်ပြိုင်ကစားမယ့် ကြက်တောင်ရိုက်ပြိုင်ပွဲတွေမှာ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်မယ်လို့ မသက်ထားသူဇာက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ပရိသတ်တွေကို ပြောထားပါတယ်။  ဓာတ်ပုံ- သက်ထားသူဇာ
2 years Ago

ဆီးဂိမ်းစ်ပြိုင်ပွဲတွင်  မြန်မာ ပထမဆုံး​ရွှေတံဆိပ်ဆုရရှိ၊ နို်ငငံအလိုက် အဆင့် ၇ ကိုတက်လာ

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်းစ်မှာ မြန်မာနိုင်ငံအတွက်  ပထမဆုံး​ရွှေတံဆိပ်ကို အားနစ်အားကစားနည်းကနေ ဆွတ်ခူးရရှိသွားပါတယ်။ (ARNIS) အားနစ်အားကစား အမျိုးသမီးရိုးရာအပြပြိုင်ပွဲမှာ မြန်မာအားကစားသမား  မအိန္ဒြေဖူးက အိမ်ရှင် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ကစားသမားတွေကို ကျော်ဖြတ်ပြီး ရမှတ်အများဆုံးနဲ့ ​ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာအားကစားအဖွဲ့ဟာ အားနစ်အားကစားနည်းကနေ ငွေတံဆိပ် ၂ ခုနဲ့ ကြေးတံဆိပ် ၆ ခု ရရှိထားပါတယ်။ ခုလို ရွှေတံဆိပ်ဆု ရရှိခဲ့တာကြောင့် မြန်မာနိုင်ငံအနေနဲ့ ပြိုင်ပွဲဝင် နိုင်ငံ ၁၁ နိုင်ငံအနက် အဆင့် ၉ မှာ ရပ်တည်နေရာက ရွှေ ၁ ခု၊ ငွေ ၅ ခု၊ ကြေး ၁၈ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၄ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၇ ကို တက်လာခဲ့ပါတယ်။ ဓာတ်ပုံ- အားကာ
2 years Ago

ဆီးဂိမ်းစ်တွင်  မြန်မာက ရွှေတံဆိပ်မရသေးဘဲ နိုင်ငံအလိုက် အဆင့် ၉ တွင် ရပ်တည်

ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့  ဒီဇင်ဘာ ၂ ရက် ပွဲစဉ်တွေအပြီးမှာ မြန်မာအားကစားအဖွဲ့က ငွေတံဆိပ် ၅ ခု၊ ကြေးတံဆိပ် ၁၄ ခု  ရရှိထားပြီး ရွှေတံဆိပ် မရသေးဘဲ နိုင်ငံအလိုက် အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။ မြန်မာအတွက် အလေးမအားကစား (၄၉) ကီလိုတန်းပြိုင်ပွဲမှာ မပြည့်ပြည့်ဖြိုးက ငွေတံဆိပ် တခု ရယူပေးခဲ့ပါတယ်။ ဝူရှူးအားကစားနည်း ဆန်းဒါ (၆၅) ကီလိုတန်းပြိုင်ပွဲမှာ  မြန်မာနိုင်ငံမှ မစုလှိုင်ဝင်းက ထိုင်းကစားသမားကို နှစ်ပွဲပြတ် အနိုင်ယူပြီး ငွေတံဆိပ်ဆု  ဆွတ်ခူးရရှိခဲ့ပြီး၊ ဆန်းဒါအမျိုးသားအတိုက်ပြိုင်ပွဲ (၄၈) ကီလိုတန်းပြိုင်ပွဲမှာ မောင်အောင်မျိုးထွန်းက  ကြေးတံဆိပ် ၁ ခု၊ (၆၅) ကီလိုတန်းပြိုင်ပွဲမှာ မောင်ချစ်ကိုကိုက ကြေးတံဆိပ် ၁ ခု ဆွတ်ခူးရရှိခဲ့ပါသည်။ အားနစ် (Arnis) ပြိုင်ပွဲမှာတော့ ဘင်တန်ဝိတ်တန်းပြိုင်ပွဲမှာ နေလင်းဦးက ကြေးတံဆိပ် ၁ ခု၊ ဖယ်သာ ဝိတ်တန်းမှာ တင်ကိုက ကြေးတံဆိပ် ၁ ခု၊ လိုက်ဝိတ်တန်းမှာ အောင်ခိုင်လင်းက ကြေးတံဆိပ် ၁ ခု၊ ဝယ်သာဝိတ်တန်းမှာ ကျော်သူရိန်ထွန်းက ကြေးတံဆိပ် ၁ ခု အသီးသီး ရရှိပါတယ်။ အမျိုးသမီး ဘင်တန်ဝိတ်တန်းပြိုင်ပွဲမှာ ဝတ်ရည်ချိုက ​ကြေးတံဆိပ် ၁ ခု၊ ဝယ်သာဝိတ်တန်းပြိုင်ပွဲမှာ အယ်ရှီးလာမင်းနိုင်က ​ကြေးတံဆိပ် ၁ ခု၊ ဖယ်သာဝိတ်တန်းမှာ မော်မော်ဦး(မြန်မာ)က ​ငွေတံဆိပ် ၁ ခု၊ လိုက်ဝိတ်တန်းမှာ မိုးမိုးအေး(မြန်မာ)က ​ငွေတံဆိပ် ၁ ခု ရရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၂ ရက် ညနေပိုင်း အထိ ဆုတံဆိပ်ရရှိမှုမှာ အိမ်ရှင်ဖိလစ်ပိုင်က ရွှေတံဆိပ် ၃၉ ခုနဲ့ နိုင်ငံအလိုက်အဆင့် ၁ ၊ ဗီယက်နမ်က ရွှေ ၁၅ ခုနဲ့ အဆင့် ၂ ၊ မလေးရှားက ရွေ ၁၃ ခုနဲ့ တတိယ နေရာမှာ အသီးသီး  ရပ်တည်နေ ပါတယ်။  ဓာတ်ပုံ- Philippines SEA GAMES
2 years Ago
More News
Up