ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် ထိုင်းဗိုလ်စွဲ၊ အင်ဒိုကိုရှုံးပြီး မြန်မာ ကြေးတံဆိပ်နှင့်လွဲချော်

August 30, 2017

ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် ထိုင်းဗိုလ်စွဲ၊ အင်ဒိုကိုရှုံးပြီး မြန်မာ ကြေးတံဆိပ်နှင့်လွဲချော်

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပွဲစဉ် နောက်ဆုံးဗိုလ်လုပွဲအဖြစ် လက်ရှိချန်ပီယံ ထိုင်းနဲ့ အိမ်ရှင်မလေးရှားအသင်းတို့ မနေ့ညက ယှဉ်ပြိုင်ရာ ထိုင်းအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၆ မိနစ်မှာ ထိုင်းအသင်း ထောင့်ကန်ဘော ကန်သွင်းခွင့်ရခဲ့ပြီး အဲဒီထောင့်ကန်ဘောကို မလေးရှားဂိုးသမား ကာကွယ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းမိရာက ထိုင်းအသင်း အနိုင်ဂိုး ရသွားတာပါ။ ထိုင်းအသင်းဟာ ဗိုလ်လုပွဲကို တက်လှမ်းလာတဲ့ ပွဲစဉ်တလျှောက် ပေးဂိုး ၁ ဂိုးသာ ပေးခဲ့ရပြီး ခံစစ်အကောင်းဆုံးအသင်းအဖြစ် ပြသနိုင်ခဲ့ပါတယ်။ မြန်မာအသင်းနဲ့ အင်ဒိုနီးရှားတို့ရဲ့ တတိယနေရာလု ပွဲစဉ်မှာတော့ အင်ဒိုနီးရှားက ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး တတိယကြေးတံဆိပ် ဆွတ်ခူးသွားပါတယ်။ မြန်မာအသင်းဟာ ပထမပိုင်းမှာ တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၃ မိနစ်မှာ မောင်မောင်လွင်ရဲ့ ဖန်တီးပေးပို့မှုကတဆင့် တိုက်စစ်မှူး သန်းပိုင်က ပိတ်သွင်းပြီး မြန်မာအသင်း ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ပါတယ်။ ဒါပေမယ့် ပွဲချိန် ဒုတိယပိုင်းမှာ အင်ဒိုနီးရှားအသင်း ကစားပုံ ကောင်းမွန်လာပြီး ထိုးဖောက် တိုက်စစ်ဆင်တာကို မြန်မာနောက်တန်း မထိန်းနိုင်ဘဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးလိုက်ရတာပါ။ အင်ဒိုနီးရှားအတွက် ဂိုးတွေကို ပွဲချိန် ၅၅ မိနစ်၊ ၅၉ မိနစ်နဲ့ ၇၇ မိနစ်တွေမှာ သွင်းယူသွားခဲ့တာပါ။ ပွဲပြီးခါနီးမှာ မြန်မာနောက်ခံလူ နန်းဝေမင်း နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွေကို မြန်မာအမျိုးသား၊ အမျိုးသမီး နှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ရာ မြန်မာအမျိုးသမီးအသင်းက တတိယကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပေမယ့် အမျိုးသားအသင်းကတော့ စတုတ္ထနေရာပဲ ရခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up