ဆီးဂိမ်းအကြို

April 8, 2017

ဆီးဂိမ်းအကြို လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်မြို့မှာ လက်ခံကျင်းပမယ့် ကမ္ဘောဇဘဏ် ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲမှာ ဟောင်ကောင်၊ ကမ္ဘောဒီးယားနဲ့ ဂျပန်တက္ကသိုလ်လက်ရွေးစင်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘောဇဘဏ် ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲဟာ အာရှခြေစစ်ပွဲနဲ့ ဆီးဂိမ်းပြိုင်ပွဲတွေ ယှဉ်ပြိုင်ရမယ့် မြန်မာ ယူ-၂၂ အသင်းအတွက် ပြိုင်ပွဲအတွေ့အကြုံရဖို့ စီစဉ်ကျင်းပတာပါ။ ဒီပြိုင်ပွဲမှာ ဟောင်ကောင် ယူ-၂၂၊ ကမ္ဘောဒီးယား ယူ-၂၂ နဲ့ ဂျပန်တက္ကသိုလ် လက်ရွေးစင်အသင်းတို့ လာရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လာမယ့် ဇွန်လ ၂၈ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။ “အုပ်စုပတ်လည်ပုံစံနဲ့ ကစားဖို့ ကျနော်တို့ စီစဉ်ထားပါတယ်။ ကစားမယ့်ရက်တွေကတော့ ဇွန်လ ၂၈ ရက်နေ့မှာ ၂ ပွဲကစားမှာ ဖြစ်ပါတယ်။ ၃၀ ရက်နေ့မှာ နောက်ထပ် ၂ ပွဲ ကစားမှာ ဖြစ်ပြီးတော့ နောက်ဆုံးပွဲစဉ်တွေကိုတော့ ဇူလိုင်လ ၂ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဓိကကတော့ ဒီနှစ် အသက် ၂၂ နှစ်အောက်အသင်းက တားဂက် ၂ ခုရှိတယ်။ AFCN နဲ့ ၂၃ ကာလီဖိုင်ရား ရှိမယ်။ ကျနော်တို့ အိမ်ရှင်လုပ်မယ်။ ဇူလိုင်လကုန်မှာ လုပ်မယ်။ ဒါ့အပြင် ဆီးဂိမ်းမှာလည်း သြဂုတ်လမှာ ကစားဖို့ရှိတယ်။ ဇွန်လမှာလုပ်တဲ့ ဒီပွဲကတော့ ကျနော်တို့က ၃ ပွဲ ကစားရမယ်။ ၃ ပွဲ ကစားပြီးရင် AFCN၊ 23 ဆက်ကစားမယ်။ ပြီးတဲ့အချိန်ကျရင်တော့ ဆီးဂိမ်းအတွက် ပြင်ဆင်တဲ့အနေနဲ့ ကျနော်တို့ မြန်မာ့လက်ရွေးစင်အသင်း ၂၂ အောက်အသင်းက တရုတ်ပြည်မှာ စခန်းသွင်းလေ့ကျင့်မှုတွေ လုပ်ဖို့ စတင်ချိတ်ဆက် ဆောင်ရွက်နေပါတယ်။” လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။ မြန်မာ ယူ-၂၂ အသင်းဟာ ယူ-၂၀ ကမ္ဘာ့ဖလား ဝင်ပြိုင်ခဲ့တဲ့အသင်းကို အခြေခံထားတာဖြစ်ပြီး လက်ရွေးစင်နည်းပြ ဂတ်ဇီဆီက နည်းပြချုပ်အဖြစ် တာဝန်ယူမှာပါ။ ပြင်ဆင်မှုတွေလည်း ပြုလုပ်ထားတဲ့အတွက် ပြိုင်ပွဲနှစ်ရပ်စလုံးမှာ အောင်မြင်မှုရဖို့ ရည်မှန်းထားတယ်လို့ ဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။ “ကျနော်တို့ရဲ့ လက်ရှိ မျိုးဆက်သစ်ထဲမှာတော့ ခြေစွမ်းအကောင်းဆုံး အသင်းတသင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့က အားစိုက်ပြီးတော့ ပြင်ဆင်တယ်။ ဒီနှစ်ထဲမှာဆိုရင် ပြိုင်ပွဲကြီး ၃ ပွဲ ကျနော်တို့ ကစားမှာဖြစ်ပါတယ်။ အာရှ အသက် ၂၃ နှစ် ခြေစစ်ပွဲမှာတော့ အုပ်စုကနေ ကျွတ်ပြီးတော့ ဖိုင်နယ်အထိ ရောက်မယ်လို့ ကျနော်တို့ ရည်မှန်းထားပါတယ်။ ဆီးဂိမ်းမှာလည်း အန်းဆုံး ဗိုလ်လုပွဲအထိ ရောက်အောင် ကျနော်တို့ ရည်မှန်းထားပါတယ်။” မြန်မာ ယူလူငယ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲမှာ ဒုတိယငွေတံဆိပ်ဆု ရခဲ့ပါတယ်။ လာမယ့် သြဂုတ်လမှာ ကျင်းပမယ့် ၂၀၁၇ မလေးရှားဆီးဂိမ်းမှာလည်း နှစ်ပေါင်း ၄၀ ကျော် ကွာဝေးနေတဲ့ ဆီးဂိမ်းရွှေတံဆိပ်ကို ပြန်လည်ရယူဖို့ ရည်မှန်းထားပါတယ်။
4 years Ago
Up