ဆီးဂိမ်းတွင် အောင်မြင်မှုရရန် ရည်မှန်းပြီး လေ့ကျင့်နေသည့် မြန်မာကရာတေးဒိုအဖွဲ့

March 22, 2017

ဆီးဂိမ်းတွင် အောင်မြင်မှုရရန် ရည်မှန်းပြီး လေ့ကျင့်နေသည့် မြန်မာကရာတေးဒိုအဖွဲ့

မြန်မာကရာတေးဒိုအားကစားအဖွဲ့ဟာ မလေးရှားဆီးဂိမ်းအတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး အောင်မြင်မှုရဖို့ ရည်မှန်းထားပါတယ်။ မြန်မာကရာတေးဒိုအဖွဲ့ဟာ နိုင်ငံတကာပြိုင်ပွဲတွေအတွက် ကစားသမား ၂၅ ဦးနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။ မတ်လ ၂၃ နဲ့ ၂၄ ရက်တွေမှာ Japan Cup ပြည်တွင်းပြိုင်ပွဲတရပ် လက်ခံကျင်းပမှာဖြစ်သလို ဧပြီလအတွင်းမှာလည်း ထိုင်း Open ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားပါတယ်။ မလေးရှားဆီးဂိမ်းမှာ အိမ်ရှင် မလေးရှား အပါအဝင် ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့ကို အဓိကထား ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဆုတံဆိပ်ရဖို့ မျှော်မှန်းထားတယ်လို့ နည်းပြ ဦးထိန်ဝင်းမြင့်က ပြောပါတယ်။ “၂၀၁၃ တုန်းက ကျနော်တို့ အိမ်ရှင်မှာ ကုမိတေးလို့ခေါ်တဲ့ အတိုက်ကနေ ရွှေ ၁ ခု၊ ခတ အပြကနေ ရွှေ ၁ ခု၊ ရွှေ ၂ ခု ရခဲ့တယ်။ အောင်မြင်ခဲ့တဲ့ ကျနော်တို့ရဲ့ သမိုင်းကြောင်းတော့ ရှိပါတယ်။ ကျနော်တို့အသင်းကိုလည်း အလေးထားပြီး ကစားကြမယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နဲ့ ယှဉ်ပြိုင်ဘက်ဖြစ်တဲ့ အိမ်ရှင် မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဒီနိုင်ငံတွေက ကျနော်တို့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ့်အသင်းတွေ ဖြစ်ပါတယ်။ ဒီကြားထဲမှာ နိုင်ငံတကာကို လှည့်လည်ပြီးတော့ လေ့ကျင့်ကစားနေတဲ့ ထိုင်းအသင်းကလည်း ကျနော်တို့ရဲ့ ဖျက်မျဉ်းအသင်းတသင်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ မကြောက်ပါဘူး။ ကျနော်တို့ အခုလေ့ကျင့်ထားတဲ့ လေ့ကျင့်သားနဲ့ လေ့ကျင့်တဲ့ အခြေအနေနဲ့ဆိုရင် ကျနော်တို့ကလေးတွေ ဆုရမယ်လို့ မျှော်မှန်းနိုင်ပါတယ်။” မြန်မာကရာတေးဒိုအဖွဲ့အနေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအပြီးမှာ တိုးတက်လာပေမယ့်  ပြိုင်ပွဲအတွေ့အကြုံပိုင်းမှာတော့ လိုအပ်ချက်တချို့ ရှိသေးတယ်လို့ လက်ရွေးစင်ကစားသမားတဦးဖြစ်တဲ့ မင်းဟိန်းခန့်က ပြောပါတယ်။ “မြန်မာကတော့ အရှေ့တောင်အာရှမှာ ခတကန်းထရီး ဆိုပြီးတော့ နာမည်တခုကတော့ ရထားပြီးသားပါ။ ကုမိတေးမှာလည်း ၂၀၁၃ ကနေစပြီးတော့ နိုင်ငံခြားနည်းပြနဲ့ သေချာထရိန်းလာပြီးတော့ ကုမိတေးကလည်း ၂၀၁၃ ကနေစပြီး တောက်လျှောက် တဟုန်ထိုး တက်လာပါတယ်ခင်ဗျ။ ဒါပေမယ့် ကျနော်တို့မှာ အဓိကလိုအပ်နေတာက နိုင်ငံခြားပွဲများများ သွားနိုင်ဖို့ပါပဲ။ နိုင်ငံခြားပွဲ အတွေ့အကြုံ လိုအပ်တဲ့အတွက် တခါတလေမှာ ကစားသမားတွေက တကယ်တိုးတက်သင့်သလောက် မတိုးတက်တော့ဘဲ ဒီမှာတင်ပဲ ထရိန်နင်ဆင်းရပြီးတော့ ကိုယ်နဲ့ပြိုင်တဲ့ ပြိုင်ဘက်တွေကတော့ တကယ့်ပွဲတိုင်းကစားနေတဲ့အတွက် တကယ်တမ်း တွေ့လည်းတွေ့ရော အဆင်မပြေမှုတွေ အများကြီးရှိတယ်ခင်ဗျ။ ဒိုင်တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုလည်း နည်းပါးတော့ အဲဒါလေးတော့ရှိတယ်။ ကျန်တာကတော့ ကျနော်တို့ ထရိန်နင်တွေ၊ တခြားအပိုင်းတွေမှာတော့ အကုန်လုံး အားရကျေနပ်မှုရှိပါတယ်။” ကရာတေးဒိုအားကစားဟာ အိုလံပစ်အားကစားနည်း ဖြစ်လာတာကြောင့် နိုင်ငံတိုင်းက အလေးထားပြီး ပြင်ဆင်နေကြတာပါ။ ပြီးခဲ့တဲ့ စင်ကာပူဆီးဂိမ်းမှာ ထည့်သွင်းကျင်းပတာ မရှိခဲ့ပေမယ့် လာမယ့် မလေးရှားဆီးဂိမ်းမှာတော့ ရွှေတံဆိပ် ၁၆ ခု ချီးမြှင့်မှာ ဖြစ်ပါတယ်။
5 years Ago
Up