ဆီးချိုရောဂါ

December 27, 2018

သွေးတိုးနှင့် ဆီးချိုရောဂါဖြစ်ပွားသူ ၂ ဆကျော်တိုးလာ

မြန်မာနိုင်ငံမှာ သွေးတိုးနဲ့ ဆီးချိုရောဂါ ဖြစ်ပွားသူတွေဟာ ပြီးခဲ့တဲ့ ၄ နှစ်ကထက် ၂ ဆကျော် တိုးလာတယ်လို့ မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးဌာန တာဝန်ရှိ ဆရာဝန်တဦးက ပြောပါတယ်။ ၂၀၁၄ ခုနှစ်နဲ့နှိုင်းယှဉ်ရင် အခုနှစ်မှာ သွေးတိုးဖြစ်သူက ၂ ဆကျော်၊ ဆီးချို၊ သွေးချို ရှိသူက ၂ ဆလောက် ပိုတိုးလာတာပါ။ မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကံကောင်းက “၂၀၁၄ ခုနှစ်တုန်းက ဆီးချိုရှိတဲ့သူက သုတေသနလုပ်တဲ့ ဦးရေရဲ့ ၁၀ ဒသမ ၅ ပေါ့။ အကြမ်းဖျင်းပြောရင် ၁၀ ယောက်မှာ တယောက်ပေါ့။ သွေးတိုးတဲ့သူကတော့ ၂၆ ဒသမ ၄ ပေါ့။ ၄ ယောက်မှာ တယောက်။ အခု ကျန်းမာရေးဌာနတွေမှာ ဆီးချို သွေးချိုတွေကို စစ်ဆေးတာ၊ သွေးပေါင်ချိန်တိုင်းတာတွေ လုပ်ပေးပြီး အကြမ်းဖျင်းရတဲ့ အချက်အလက်တွေအရ လူနာ ၁ သိန်းမှာ ၄ သောင်းလောက်က သွေးတိုးနေတယ်။ ၁၀ ယောက်မှာဆိုရင် ၄ ယောက်ပေါ့။ ပြီးတော့ လူ ၁ သိန်းမှာ ၂ သောင်းလောက်က ဆီးချိုဖြစ်နေတယ်။" လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ သွေးတိုးနဲ့ နှလုံးသွေးကြောရောဂါဟာ အဖြစ်အများဆုံးထဲမှာ ပါပြီး သူ့နောက်မှာတော့ ဆီးချို သွေးချိုရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းရောဂါတို့ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ သေဆုံးမှု စုစုပေါင်းရဲ့ ထက်ဝက်ကျော် ၅၁ ရာခိုင်နှုန်းဟာ မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်တယ်လို့လည်း ဒေါက်တာ ကျော်ကံကောင်းက ပြောပါတယ်။ သေဆုံးသူ စုစုပေါင်းရဲ့ ၂၀ ရာနှုန်းကျော် သွေးတိုးနဲ့ နှလုံးသွေးကြောရောဂါကြောင့် ဖြစ်ပြီး ကင်ဆာရောဂါ၊ နာတာရှည် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ရောဂါတို့ကြောင့် ၅ ရာခိုင်နှုန်း လောက်စီ သေဆုံးကြပါတယ်။ ထိခိုက်ဒဏ်ရာကြောင့် သေဆုံးသူဟာ ၁၄ ရာခိုင်နှုန်း ရှိနေတာကို တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်ရဲ့ အချက်အလက်တွေအရ ရောဂါဖြစ်ပွားမှု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ မကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ဒေါက်တာကျော်ကံကောင်းက “သတင်းအချက်အလက်တွေကိုတော့ ဒီထက်မက ရရှိအောင်လို့၊ မှန်ကန်တဲ့ အချက်အလက်တွေ ရရှိအောင်လို့ ဆောင်ရွက်နေပါတယ်။ အခု လောလောဆယ်ကတော့ ဆေးရုံတက်တဲ့ လူနာတွေကို အခြေခံထားတဲ့ သတင်း အချက်အလက်တွေ ဖြစ်ပါတယ်။ ဆေးရုံမတက်ဘဲ သေဆုံးသွားသူတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကိုလည်း ရနိုင်အောင်လည်း စီစဉ်နေပါတယ်” လို့ ပြောပါတယ်။ ကူးစက်ရောဂါတော်တော်များများဟာ ဆေးတွေနဲ့ တားဆီးကာကွယ်ထားနိုင်ပြီး အစားအသောက်၊ အနေအထိုင်တွေ ဆင်ခြင်ပြီးနေထိုင်ကြဖို့ အကြံပြုပြုပါတယ်။ ဆေးလိပ်၊ ကွမ်း၊ အရက်တွေ အစားအသောက်များလာတာ၊ စားသောက်တဲ့ပုံစံတွေ ပြောင်းလာတာ၊ လေထု မသန့်ရှင်းတာနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းလာတာတွေကြောင့်လည်း ဒီရောဂါတွေ ဖြစ်စေပြီး ဆင်ခြင် ရှောင်ကြဉ်ဖို့လည်း ဒေါက်တာ ကျော်ကံကောင်းက  တိုက်တွန်းပါတယ်။
3 years Ago

February 17, 2018

ဆီးချိုရောဂါ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွားနေ

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားမှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပွားနေပြီး ဖြစ်ပွားသူဦးရေမှာ ၁၈ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ကျန်းမာရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ ပူးပေါင်းဆောင်ရွက်တဲ့ သုတေသနစစ်တမ်းအရ သိရပါတယ်။ ဒီစစ်တမ်းကို ၂၀၁၄ ခုနှစ်က စတင်ပြီး အသက် ၂၅ နှစ်ကနေ ၆၄ နှစ်အတွင်းမှာရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးရဲ့ ကိုယ်စားပြု မြို့နယ် ၅၂ ခုကို စစ်တမ်းကောက်ကြည့်တဲ့အခါမှာ အခုလို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ အဲဒီ စစ်တမ်းထဲမှာဘဲ ရောဂါဖြစ်ပွားသူအများစုဟာ ကိုယ့်ကိုယ်ကိုယ် ဆီးချိုရောဂါ ဖြစ်ပွားနေတာကို မသိရှိဘူးလို့ ဖော်ပြထားပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းက ဆီးချိုရောဂါ ဖြစ်ပွားသူ ဦးရေဟာ ၁၀ ရာခိုင်နှုန်းရှိပြီး အဲ့ဒီသူတွေအားလုံး ကိုယ့်ကိုယ်ကိုယ် ဆီးချိုရောဂါ ရှိမှန်းမသိရှိဘဲ ဖြစ်နေတာလို့ ဆိုပါတယ်။ အဲဒီစစ်တမ်းထဲမှာ တနိုင်ငံလုံးရဲ့ ဆီးချိုရောဂါ ဖြစ်ပွားနေသူဦးရေဟာ လူ ၁၀၀ မှာ ၁၁ ဦးလောက်အထိ ဖြစ်ပွားနေပြီး ဖြစ်ပွားဖို့ အလားအလာရှိနေတဲ့သူ ဦးရေကတော့ လူ ၁၀၀ မှာ ၂၀ ဦးလောက်အထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ စစ်တမ်းရဲ့ ဖော်ပြချက်တွေအရ မကူးစက်တက်တဲ့ရောဂါဖြစ်တဲ့ ဆီးချိုရောဂါ နေတဲ့သူတွေကို ကြည့်တဲ့အခါမှာ အသီးအရွက်စားသုံးမှု နည်းပါးသူဟာ ၈၆ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ကွမ်းယာနဲ့ ဆေးရွက်ကြီးစားသုံးသူဦးရေဟာ ၄၃ ရာခိုင်နှုန်းအထိ ရှိတာတာကို တွေ့ရှိခဲ့ရပါတယ်။
4 years Ago
Up