ဆီပေပါပုံး

March 28, 2019

ဘန်ကောက်တွင် ဆီပေပါပုံးထဲ အင်္ဂတေလောင်း မြှုပ်ထားသည့်အလောင်း တူးဖော်တွေ့ရှိ

ထိုင်းနိုင်ငံ ဘန်ကောက် ဘန်းခဲန်နယ်မြေ ထာ့လန့်ရပ်ကွက် ထိပ်ဖာရတ်လမ်းပေါ်ရှိ စားသောက်ဆိုင်တဆိုင် နောက်မှာ ဆီပေပါပုံးထဲ အင်္ဂတေနဲ့ပိတ်ဆို့ပြီး မြေမြှုပ်ထားတဲ့ အမျိုးသားတဦးအလောင်းကို ရဲတပ်ဖွဲ့ဝင်တွေ မတ်လ ၂၆ ရက် ညက တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဒီမတိုင်ခင် အလောင်းတွေ့တဲ့နေရာနဲ့ ၁ ကီလိုမီတာခန့်အကွာရှိ ဆောက်လုပ်ရေး ပစ္စည်းဆိုင် တဆိုင်က အလုပ်သမားတဦး ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကတည်းက ပျောက်ဆုံးနေကြောင်း ဆိုင်ရှင်ဖြစ်သူက ဘန်းခဲန်ရဲစခန်းကို လာပြီး အကြောင်းကြားထားပါတယ်။ ပျောက်ဆုံးသူမှာ အသက် ၃၈ နှစ်ရွယ်ရှိ နိုင်းအချာထ် နူပထုမ်း ခေါ် နိုင်းခစ် ဆိုသူဖြစ်ပြီး အဲဒီ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်က ကားစက်ပြင်ဆရာတဦး ဖြစ်ပါတယ်။ ဆိုင်ရှင်က နိုင်ငံခြားက ပြန်ရောက်လာပြီး သူ့ရဲ့အလုပ်သမား နိုင်းခစ် ပျောက်ဆုံးကာ ဖတ်ထလုန်းခရိုင်ရှိ မိသားစုတွေနဲ့လည်း အဆက်အသွယ်မရလို့ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ရဲစခန်းကို တိုင်ခဲ့တာပါ။ ရဲတပ်ဖွဲ့က အဲဒီအနီးနားတဝိုက် စီစီတီဗွီ ကင်မရာတွေ ပြန်လည်စစ်ဆေးသလို မျက်မြင်ကလည်း အရင်ပတ်က မသင်္ကာဘွယ်လူတစု ပေပါပုံးကြီး သယ်လာတာ တွေ့တယ်လို့ ပြောတာကြောင့် အဲဒီနေရာတဝိုက်ကို မြေတူးကားတွေနဲ့ တူးဆွကြည့်ရာက အနက် ၃ မီတာကျော်တဲ့ တွင်းထဲ မြှုပ်နှံထားတဲ့ ၂၂ လီတာဆန့် ဆီပေပါပုံးအဟောင်းတလုံး တွေ့ခဲ့ပါတယ်။ အဲဒီဆီပေပါမှာ အင်္ဂတေတွေနဲ့ ပိတ်ဆို့ထားတာကြောင့် ထုခွဲကြည့်ရာမှာတော့ ပျောက်ဆုံးသူ နိုင်းခစ်ရဲ့အလောင်းကို တွေ့ရှိရတာ ဖြစ်ပါတယ်။ နိုင်းခစ် ပျောက်ဆုံးပြီးတဲ့နောက် ဆိုင်ရှင်နဲ့ အမျိုးတော်တဲ့ အလုပ်သမားကြီးကြပ်သူ နိုင်းပယွန်းကယောက်ဖ ယုပ် ခေါ် ကျူ့ ဆိုသူမှာလည်း မွေးရပ်မြေမှာ ဆန္ဒမဲပြန်ထည့်မယ်ဆိုပြီး ဒီနေ့ထိ ပျောက်ဆုံးနေပါတယ်။ ဆိုင်ရှိ အလုပ်သမားတွေရဲ့ ထွက်ဆိုချက်အရ ကျူ့နဲ့ သေဆုံးသူ ခစ်တို့ဟာ အဲဒီဆိုင်က စာရေးမတဦးကို အပြိုင်ကြိုက်နေကြောင်း၊ ဒီမတိုင်ခင်က သူတို့နှစ်ဦး စကားများခဲ့သေးတယ်လို့ ဆိုပါတယ်။ သေဆုံးသူ နိုင်းခစ်ရဲ့ မိသားစုဝင်တွေကလည်း နိုင်းခစ်ဟာ ရိုးအေးပြီး ဘယ်သူနဲ့မှ ရန်မဖြစ်ခဲ့ဘူးကြောင်း၊ ဘန်ကောက်မှာလည်း အသိမိတ်ဆွေမရှိကြောင်း၊ သူ အဲဒီဆိုင်မှာ အလုပ်လာလုပ်ဖို့ နိုင်းကျူ့ကပဲ ဆက်သွယ်ပေးတာဖြစ်ကြောင်း၊ နိုင်းခစ်က သူ ရည်းစားရပြီဖြစ်ကြောင်း ဓာတ်ပုံနဲ့အတူ မိသားစုကို ပို့ပေးရာမှာ အဲဒီမိန်းကလေးဟာ နိုင်းကျူ့ရဲ့ ရည်းစားဖြစ်ကြောင်း သူ့ဖေ့စ်ဘွတ်ခ်မှာ တွေ့တဲ့အတွက် ခစ်ကိုသတ်သူမှာ နိုင်းကျူ့လို့ တထစ်ချယူဆပြီး သူ့ကို ဖမ်းဆီး အရေးယူပေးဖို့ ရဲစခန်းကို လာရောက်တိုင်ကြားထားပါတယ်။ အဲဒီမိန်းကလေးကတော့ နိုင်းခစ် မပျောက်ဆုံးခင်ကတည်းက အဲဒီနေရာကနေ အလုပ်ထွက်သွားပြီး ဖြစ်ပါတယ်။ ဘန်းခဲန်ရဲစခန်းကလည်း လူသတ်သမားဟာ နိုင်းကျူ့ဖြစ်ကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ ရရှိပြီဖြစ်ကြောင်း၊ သူနဲ့တကွ ကြံရာပါ အလုပ်သမားတဦးလည်း ပျောက်ဆုံးနေလို့ သူတို့နှစ်ဦးကို ဖမ်းဆီးအရေးယူနိုင်ရေး စုံစမ်းရှာဖွေနေကြောင်း၊ နယ်စပ်ပေါက်ကနေ နိုင်ငံခြားကို ထွက်မပြေးနိုင်အောင် သက်ဆိုင်ရာ လဝကရုံးတွေကိုလည်း အထူးစောင့်ကြပ်စစ်ဆေးဖို့ အကြောင်းကြားထားတယ်လို့ သတင်းထောက်ကို ပြောသွားပါတယ်။
3 years Ago
Up