ဆီရီယာလီယွန်

February 8, 2019

ဆီရီယာလီယွန်တွင် အဓမ္မပြုကျင့်မှုများကြောင့် အမျိုးသားအဆင့် အရေးပေါ်အခြေအနေ ကြေညာ

ဆီရီယာလီယွန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်လို့ သမ္မတ ဂျူးလီးယပ်စ် မာဒါဘိုင်အိုက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ အမျိုးသားအဆင့် အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေအပေါ် လိင်ပိုင်းပြစ်မှု ကျူးလွန်သူတွေဟာ တသက်တကျွန်း ပြစ်ဒဏ် ကျခံရမယ်လို့ သမ္မတ ဂျူးလီးယပ်စ်က ပြောကြားလိုက်ပါတယ်။ ဆီရီယာလီယွန်ရဲတပ်ဖွဲ့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ မနှစ်က လိင်နဲ့ ကျား-မ အခြေပြု အကြမ်းဖက်မှုပေါင်း ၈,၅၀၀ ကျော်ရှိပြီး နှစ်ဆနီးပါး မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ သုံးပုံတပုံဟာ ကလေးငယ်တွေအပေါ် ကျူးလွန်တာဖြစ်ပါတယ်။ ဆီရီယာလီယွန်မှာ ကျား-မအခြေပြု အကြမ်းဖက်မှုကို ရှက်စရာ အကြောင်းအရာတခုလို သတ်မှတ်ပြီး ထုတ်ဖော်ပြောဆိုတာမျိုး ရှောင်ကြပါတယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်က လွှတ်တော်ကနေ ကျား-မ တန်းတူညီမျှမှု ဥပဒေကို ပထမဆုံးအကြိမ် ပြဋ္ဌာန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း သမ္မတကတော် ဖာတီမာဘိုင်အို ဦးဆောင်ပြီး အမျိုးသမီးငယ်တွေအပေါ် အကြမ်းဖက်မှုတွေကို အသိပညာပေးတာတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
3 years Ago
Up