ဆီရာလီယွန်

August 15, 2017

ဆီရာလီယွန်တွင် တောင်ပြိုပြီး ရွှံ့နွံဖုံးလွှမ်းမှုကြောင့် လူ ၂၀၀ ကျော် သေဆုံး

ဆီရာလီယွန်နိုင်ငံ မြို့တော် ဖရီးတောင်း (Freetown) ရဲ့ မြို့အစွန်မှာ သြဂုတ် ၁၄ ရက်က တောင်ပြိုကျပြီး ရွှံ့နွံတွေ ဖုံးလွှမ်းသွားတာကြောင့် လူ ၂၀၀ ကျော် သေဆုံးပြီး လူနေအိမ်အများအပြား ပျက်စီးသွားပါတယ်။ အခုချိန်ထိ ဖရီးတောင်းမြို့က ရင်ခွဲရုံကို အလောင်း ၂၀၅ လောင်း သယ်သွားရတယ်လို့  ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ တောင်ပေါ်မြို့ဖြစ်တဲ့ ရီးဂျင့် (Regent) မြို့မှာ အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို ရဲနဲ့ စစ်သားတွေက ရှာဖွေလျက်ရှိပါတယ်။ သေဆုံးသူအရေအတွက် တိုးလာဖွယ်ရှိတယ်လို့ ကြက်ခြေနီအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အဘူဘာကား တာရာဝယ်လီ (Abu Bakarr Tarawallie) က ပြောပါတယ်။ “ဒီလို ပြိုကျမှုမျိုးက တကယ့်ကို ကံဆိုးတဲ့အဖြစ်မျိုးပါဗျာ။ လူ့အသက်တွေလည်း ဆုံးရှုံးသွားရတာပါ။ အဲဒီဧရိယာကို ပိတ်ထားဖို့ ရဲတပ်ဖွဲ့ကို ပြောထားပါတယ်။ ဒါမှ ရှာဖွေကယ်ဆယ်ရေအလုပ်တွေ လုပ်နိုင်အောင်လို့ပါ။ စစ်သားတွေလည်း ရောက်နေပြီဆိုတော့ အားလုံး ပူးပေါင်းလုပ်ဆောင်နေပါတယ်” လို့ ဆီရာလီယွန်ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဒါရိုက်တာ အယ်လ်ရှိတ်ခါမာရာက ပြောသွားပါတယ်။
4 years Ago

June 13, 2015

ဆီရာလီယွန်တွင် အီဘိုလာကူးစက်မှု ထပ်မံတွေ့ရှိ၊ ညမထွက်ရအမိန့်ထုတ်

ဆီရာလီယွန်နိုင်ငံမှာ အီဘိုလာ ရောဂါကူးစက်မှုတွေ ထပ်မံ တွေ့ရှိရတာကြောင့် ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားရပါတယ်။ မြောက်ပိုင်း မြို့နယ်နှစ်ခုမှာ ကူးစက်မှုဟာ လပိုင်းအတွင်း အပြင်းထန်ဆုံး အဆင့်ဖြစ်တယ်လို့ သမ္မတ အန်နက် ဘိုင် ကိုရိုမာ က ပြောပါတယ်။ အနောက် အာဖရိကမှာ ၁၈ လကြာ အီဘိုလာကပ်ဘေးအတွင်း လူပေါင်း ၁၁၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီရက်သတ္တပတ်တွေအတွင်းမှာ ကူးစက်မှု အခြေအနေဟာ မနှစ်ကလောက် မဆိုးတော့သလို၊ လိုက်ဘေးရီးယားမှာ မေလအတွင်းက အီဘိုလာ ကင်းစင်တဲ့ နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆီရာလီယွန်နဲ့ ဂီနီတို့မှာတော့ ကူးစက်မှုတွေ ဆက်ရှိနေပါတယ်။ အခု ထုတ်ပြန်လိုက်တဲ့ ညမထွက်ရအမိန့်နဲ့ စစ်သားတွေရဲ့ အရေးယူဆောင်ရွက်မှုဟာ ၂၁ ရက်ကြာမှာ ဖြစ်ပြီး အမိန့်ကို မနာခံသူတွေကို ထိန်းသိမ်းတရားစွဲမယ်လို့ သမ္မတက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။ ရောဂါတားဆီးရေး စည်းကမ်းအရ အရောင်းအ၀ယ်လုပ်ငန်းတွေမှာ အလုပ်သမားတွေနဲ့ ဖောက်သည်တွေကို ကိုယ်ပူချိန်တိုင်းတာ၊ လက်ဆေးတာ၊ ဖောက်သည်ကျတဲ့အချိန်မှာ လူတွေ တိုးကျိတ်တာမျိုး မဖြစ်အောင် တားဆီးဖို့ ညွန်ကြားချက်တွေ ချမှတ်ပါတယ်။ ဈေးဝယ်ကုန်တိုက်ကြီးတွေကို တနင်္လာကနေ စနေအထိ မနက် ၆ နာရီကနေ ည ၉ နာရီအတွင်း၊ စားသောက်ဆိုင်တွေကို တနင်္လာကနေ တနင်္ဂနွေအထိ မနက် ၆ နာရီကနေ ည ၁၀ နာရီအတွင်း ဖွင့်ခွင့်ပြုမယ်လို့ ဆိုပါတယ်။ ဆီရာလီယွန်နိုင်ငံမှာ ဇွန်လ ၉ ရက်နေ့က အီဘိုလာ ရောဂါသည် ၇ ယောက်ကို အတည်ပြုနိုင်ခဲ့သလို မတ်လ ၂၄ ရက်နေ့ နောက်ပိုင်း အဆိုးဆုံး ဖြစ်ပါတယ်။
6 years Ago
Up