ဆီယာလီယွန်တွင်

August 20, 2017

ဆီယာလီယွန်တွင် မြေပြိုမှုကြောင့် သေဆုံးသူ ၄၀၀ ကျော်ပြီ၊ ၆၀၀ ခန့် ပျောက်ဆုံး

ဆီယာလီယွန်နိုင်ငံရဲ့ မြို့တော် ဖရီးတောင်းက ပြီးခဲ့တဲ့ ရက်ပိုင်းက မြေပြိုကျမှုကြောင့် သေဆုံးသူ ၄၀၀ ကျော်ပြီဖြစ်ပြီး ၆၀၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ မြို့တော်ဖရီးတောင်းမှာ မြေပြိုကျမှုကြောင့် နေစရာမဲ့ဖြစ်ခဲ့တဲ့ ဒေသခံတွေအတွက် အစိုးရက ယာယီကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ပေးထားခဲ့ပါတယ်။ မြေပြိုကျမှု ဖြစ်ခဲ့တဲ့နေရာနဲ့ မီတာ ၁ ထောင်လောက်ဝေးတဲ့ နေရာကျောင်းတကျောင်းထဲမှာ ဖွင့်လှစ်ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းမှာ စားစာရာနဲ့ သောက်သုံးရေရရှိဖို့ တန်းစီနေကြတဲ့ လူတန်းကြီးကိုတွေ့ရပါတယ်။ တန်းစီနေသူတွေ အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ မြေပြိုကျမှု ဖြစ်ပြီးနောက်ရက်က စလို့ ဒုက္ခသည်တွေအတွက် လှူတဲ့ ပစ္စည်းတွေနေ့တိုင်း လက်ခံရရှိခဲ့တယ်လို့ ယာယီစခန်းတာဝန်ခံခေါင်းဆောင်က ပြောပါတယ်။ “ကျနော်တို့မှာ ပစ္စည်းတွေ အများကြီးရှိပါတယ်။ ဒါတွေက လာလှူထားကြတဲ့ ပစ္စည်းတွေပါ။ ကျနော်တို့ကို လာလှူနေတဲ့သူတွေ အများကြီးရှိပါတယ်။” ယာယီစခန်းမှာ နေစရာ မလုံလောက်တာကြောင့် လူတွေက အိမ်ပြန်ပြီး ယာယီအိမ်တွေပြန်ဆောက်နေကြဖို့ ကြိုးစားကြပေမယ့် သူတို့ရဲ့ အိမ်တွေရှိခဲ့တဲ့နေရာက တောင်ကုန်းဟာ အက်ကြောင်းတွေပေါ်ပြီး ပြိုကျနိုင်ခြေရှိနေတယ်လို့ အစိုးရက ကြေညာထားတာကြောင့် သူတို့ကို တားဆီးထားတယ်လို့လည်း ပြောပါတယ်။ “အခုကြုံနေရတဲ့ တကယ့် ပြဿနာက ကျမတို့ နေရာထပ်လိုနေတာပါ။ စောင်တွေလည်း လိုတယ်။ မွေ့ရာ၊ ကုတင်တွေလိုတယ်။ ထောက်ပံ့ရေးတွေ၊ ဒီကလေးတွေအတွက် စားစရာတွေ လိုတယ်။ ဒီနေရာက မဆန့်တော့ဘူး။ ကျမတို့ လူတွေကို အခြေအနေပြန်မကောင်းသေးတဲ့ နေရာကို ပြန်ပေးမသွားနိုင်ဘူး”  လို့ ယာယီစခန်းတာဝန်ခံခေါင်းဆောင်က ပြောပါတယ်။ မိုးလေဝသဌာနကလည်း ဒေသအတွင်း နောက်ထပ်မိုးကြီးနိုင်ပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်လာနိုင်သေးတယ်လို့ ကြေညာထားပါတယ်။
4 years Ago
Up