ဆီဘောက်ဆာကား

October 5, 2021

ထီးချိုင့်မြို့နယ်တွင် ဆီဘောက်ဆာကားတစ်စီး မီးရှို့ ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အင်ဒေါင်းရွာ လမ်းခွဲမှာ အောက်တိုဘာ ၄ ရက် ညပိုင်းက ဆီဘောက်ဆာ ကားတစီး မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

ထီးချိုင့်မြို့နယ်အတွင်း နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ဘဲ နေထိုင်ကြဖို့ ‌ကြေညာထားပြီး အချိန်လွန်မှ  မောင်းနှင်လာတာကို တားဆီးရာမှ  ရပ်မပေးတဲ့ အတွက် ဖောက်ခွဲသတိပေးခဲ့ကြောင်း ထီးချိုင့် PDF က ထုတ်ပြန်ပါတယ်။

ဒေသခံတစ်ဦးက “ညဘက်လည်း အဲဒီလမ်းကို အသုံးမပြုဖို့ ကြေညာထားပြီးသား။ အချိန်လွန်မှ မောင်းလာလို့ ကားကို တားတယ်။ ရပ်မပေးတဲ့အတွက် မကျီးလျိုတံတားနားမှာ ဖောက်ခွဲခံရတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ကစပြီး ထီးချိုင့်မြို့နယ်အတွင်း နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ဘဲ နေထိုင်ကြဖို့၊ မန္တလေး-ဗန်းမော် ဗျူဟာလမ်းနဲ့ မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းရှိ ထီးချိုင့်မြို့နယ် လမ်းပိုင်းကို ည ၈ နာရီကျော် အသုံးပြု သွားလာခြင်း မပြုကြဖို့၊ ထီးချိုင့်မြို့နယ်အတွင်း သွားလာကြမယ့် အိမ်စီးကားငယ်တွေ မှန်ချမောင်းနှင်ဖို့၊ ကုန်ကားကြီးတွေ နောက်ဖုံးမိုးကာများ အုပ်ထားခြင်းမပြုဖို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

ထီးချိုင့်မြို့နယ်မှာ အောက်တိုဘာ ၄ ရက် ညကလည်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်က ကမ်းနီ ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

3 weeks Ago

June 27, 2021

ချီဖွေ-ပန်ဝါလမ်းတွင် ဆီဘောက်ဆာကား ချောက်ထဲထိုးကျ မီးလောင်

ကချင်ပြည်နယ် ချီဖွေမြို့အကျော် ၄ မိုင်ဂိတ်နားမှာ ဇွန်လ ၂၆ ရက်က ပန်ဝါ သတ္တုတွင်းဘက်က ပြန်လာတဲ့ ဆီဘောက်ဆာကားတစ်စီး ချောက်ထဲထိုးကျ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ချီဖွေဒေသခံတစ်ဦးက “၄ မိုင်ဂိတ်အကျော်နားလေးမှာ ဟုတ်တယ်။ ဆီဘောက်ဆာကားတစ်စီး ချောက်ထဲ အရှိန်လွန်ပြီး ထိုးကျသွားတာ။ ကားသမား သေသလား ရှင်သလားတော့ မသိဘူး”လို့ ပြောပါတယ်။ 

အဆိုပါ ချီဖွေ-ပန်ဝါလမ်းကြောမှာ သေးငယ်ပြီး အကွေ့အကောက်များကာ လမ်းလည်းဆိုးပြီး ရွှံ့ဗွက်တွေ ရှိတာကြောင့် ယာဉ်ငယ်တွေကအစ သတိထားသွားလာနေရတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်  ပိုမိုလုပ်ကိုင်လာတဲ့ ပန်ဝါဘက်ရှိ သတ္တုတွင်းတွေမှာ လောင်စာဆီ လိုအပ်ချက်မြင့်မားမှုကြောင့် ဆီဆိုင်ပိုင်ရှင်တွေက တစ်နေ့ကို ဆီဘောက်ဆာကား အစီး နှစ်ဆယ်၊ သုံးဆယ်ခန့် မြစ်ကြီးနားဘက်ကနေ တင်သွင်းနေကြတာဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ မေလက ဝိုင်းမော်မှာ ဆီဘောက်ဆာကားသုံးစီးကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ပစ်ခတ်ဖျက်ဆီးခဲ့တာကြောင့် ကားသမားတစ်ဦး သေဆုံးခဲ့ပါတယ်။ အဲဒီနောက် ဆီဘောက်ဆာကားတွေဟာ အဖြူ အစိမ်း အစရှိတဲ့ အလံတွေကို တပ်ဆင်ကာ လောင်စာဆီတွေ ပြန်လည်သယ်ဆောင်‌နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

4 months Ago
More News
Up