ဆီဆိုင်အများစု

September 30, 2021

နောင်ချိုမြို့တွင် စက်သုံးဆီ မရှိတော့သဖြင့် ဆီဆိုင်အများစု ပိတ်ထား

ရှမ်းပြည်နယ် နောင်ချိုမြို့မှာ စက်သုံးဆီ ပြတ်လပ်သွားတာကြောင့် စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းကစတင်ပြီး ဆိုင်အများစု ပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိပါတယ်။

လက်တလော စက်သုံးဆီစျေး အဆမတန် မြှင့်တက်လာမှုကြောင့် ပြည်သူတွေ မလိုအပ်ပဲ ပိုမိုဝယ်ယူနေတာကြောင့် နယ်မြို့တွေမှာ စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်လာတာလို့ နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။

“ဆီစျေးတက်မယ်ဆိုတော့ စိုးရိမ်ပြီး မလိုအပ်ဘဲ ပိုဝယ်ကြတယ်၊ အိမ်တွေမှာ ရှိသမျှ ပုံးတွေနဲ့ကို လာဝယ်တာတွေ အများကြီးပဲ၊ ဆီဆိုင်တော်တော်များများ ဆီပြတ်နေပြီး ကျန်နေသေးလို့ ရတဲ့ ဆိုင်တစ်ချို့မှာလည်း စုပြုံးဝယ်နေကြတယ်။ မကြာခင် ဆိုင်အားလုံး ပိတ်ကုန်မယ်ထင်တယ်။” 

နယ်မြို့တွေမှာ စက်သုံးဆီကို တန်းစီစနစ်နဲ့ ဝယ်ယူနေကြရပြီး စက်သုံးဆီဆိုင်တွေမှာ ပုံးတွေနဲ့ လာရောက်ဝယ်ယူသူတွေကို ရောင်းချပေးနေတာကြောင့် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

နောင်ချိုမြို့မှာ ၉၂ တစ်လီတာကို ၁၇၀၀ ကျပ်နဲ့ တစ်ဂါလန်ကို ကျပ် ၇၈၅၀ ဝန်းကျင် စျေးရှိတယ်လို့ ကနဦး သိရပါတယ်၊ ဖော်ပြပါ စျေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲရှိနိုင်ပါတယ်။

Photo - KNOT & MTA

3 weeks Ago
Up