ဆီဆိုင်ဒေသခံများ ကန့်ကွက်

July 18, 2020

တပ်သိမ်းမြေ အစားထိုးပြန်ပေးရန် သစ်တောဖျက်ပြီး ယာကွက်ဖော်မှု ဆီဆိုင်ဒေသခံများ ကန့်ကွက်

ဆီဆိုင်မြို့နယ်၊ ပင်စုံနဲ့ ကုန်းဆွတ်ကျေးရွာအုပ်စုစပ်ကြားရှိ ဒေသခံတွေ ထိန်းသိမ်းထားတဲ့ သစ်တောကို တပ်သိမ်းမြေ အစားထိုးပြုလုပ်ဖို့ စီစဉ်တဲ့အပေါ် ဇူလိုင် ၁၈ ရက်က ဒေသခံတွေက ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီသစ်တောကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ဆီဆိုင်မြို့ ခမရ ၄၂၃၊ ၄၂၄ သိမ်းထားတဲ့မြေအစား တောင်သူကို ပြန်ပေးဖို့ ယာကွက်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒေသခံတွေက ဘိုးဘွားလက်ထက်ကတည်းက ထိန်းသိမ်းလာတဲ့ သစ်တောဧက ၂၀၀ ဝန်းကျင်ကို အဖျက်ဆီးမခံနိုင်လို့ ကန့်ကွက်ကြတာလို့ ကုန်းဆွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောလီက  “သူတို့က မြေကွက် ယာကွက်ဖော်ပြီးမှ တပ်သိမ်းထားတဲ့မြေကို တောင်သူကို အစားပြန်ပေးဖို့ လုပ်နေပါတယ်။ ဒီသစ်တောက ဒေသခံတွေ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားတဲ့ သစ်တောဖြစ်တဲ့အတွက် ဒီနေ့ လာကန့်ကွက်တာ၊ ကန့်ကွက်စာတွေလည်း တင်ပြီးပြီ၊ ကျနော်တို့ဆန္ဒက ဒီသစ်တောကို မဖျက်ဆီးစေချင်ဘူး။” မြေကွက် ယာကွက်ပြုလုပ်ဖို့ ဒေသဦးစီးအဖွဲ့က ယာယီတဲနဲ့ ဘက်ဖိုးစက်ပစ္စည်းတွေ လာရောက်ထားရှိထားတယ်လို့ မြေနီရွာနေ ဦးစံပီးက ပြောပါတယ်။ “အခု သူတို့ တဲလာဆောက်ပြီ။ ဘက်ဖိုးနှစ်စီး လာထားပြီ။ အခု ရွာသားတွေက ပေးမလုပ်ဘူး။ ကန့်ကွက်မယ်၊ ဒီသစ်ပင်တွေက ကုန်သွားရင် သဘာဝခန်းခြောက်ပြီး ဒေသခံတွေပဲ ခံရမှာ။” ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသဦးစီးအဖွဲ့ဝင် ဆီဆိုင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခွန်လှသိန်းကို ကြိုးစားဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်မှုမရခဲ့ပါ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ဆီဆိုင်မြို့ ခမရ ၄၃၊ ၄၂၄ တပ်သိမ်းထားတဲ့ မြေဧက ၁၉၀၀ ကို အစားပေးဖို့ ဇူလိုင်လ ၁၆ ရက်နေ့က တောင်သူနဲ့ လာရောက်ညှိနှိုင်းမှု ပြုလုပ်ခဲ့ပေမယ့် တောင်သူတွေက လက်မခံခဲ့ကြောင်း သိရပါတယ်။ ခွန်ရာဇာ
10 months Ago
Up