ဆိုးမြို့တွင်

September 3, 2017

ဆိုးမြို့တွင် ပြုံယမ်းက လူနေမှုဘ၀ကို လေ့လာနိုင်မည့်ပြပွဲ ဖွင့်လှစ်

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့က သာမန်အလယ်လတ်တန်းစား မိသားစုတခုရဲ့ လူနေမှုဘဝအား လေ့လာနိုင်မယ့် ပြပွဲတခုကို စက်တင်ဘာ ၂ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ဖွင့်လှစ်ပြသခဲ့ပါတယ်။ အဲဒီမှာ ပြုံယမ်းက အလယ်လတ်တန်းစားတို့ရဲ့ နေအိမ်တလုံး ပုံစံတူကို တည်ဆောက်ပြသခဲ့ပါတယ်။ မြောက်ကိုရီးယားမှာ တိုက်ခန်းတွေရဲ့ ဝယ်လိုအားဟာလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားက ဂျပန်ကျွန်းပေါ်ဖြတ်ပြီး တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်လိုက်တာကြောင့် ကိုရီးယားကျွန်းဆွယ်မှာ အခြေအနေတွေ တင်းမာနေတဲ့ ကြားကပဲ ဆိုးလ်က ဗိသုကာပညာနဲ့ မြို့ပြစနစ် ပြပွဲ ၂၀၁၇ မှာ အခုပြခန်းကို ဝင်ရောက်ပြသခဲ့တာ ဖြစ်ပါတယ်။ “ပြုံယမ်းကို တောင်ကိုရီးယားက လူတွေ မရောက်ဖူးကြဘူးလေ။ အဲဒီက အိမ်တွေထဲဆို ပိုဆိုးတာပေါ့၊ ဒါကြောင့် ဒီကလူတွေ အတွေ့အကြုံရအောင် ကျနော် အခုလို ပြပွဲလုပ်တာပါ” လို့ ပြပွဲစီစဉ်သူ ဟုန်းအိ တက္ကသိုလ်က မြို့ပြအင်ဂျင်နီးယားရင်း လက်ထောက်ပရော်ဖက်ဆာက ပြောပါတယ်။ “ကြည့်ရတာ အလယ်လတ်တန်းစား မိသားစုတစ်ခုရဲ့ အိမ်တစ်လုံးနဲ့ တူတယ်၊ ပရိဘောဂတွေကိုလည်း မြောက်ကိုရီးယားက ပရိဘောဂတွေ သုံးထားတယ်၊ အရောင်တွေက အစ အတူတူပဲ၊ ဒီထဲရောက်တော့ ဂျပန်မုန်းတီးရေး နိုင်ငံခြားသားဆန့်ကျင်ရေး အယူရှိပြီး ပြည်တွင်းထုတ် ပစ္စည်းတွေနဲ့ ဂုဏ်ယူနေတဲ့ အလယ်လတ်တန်းစား မိသားစု အိမ်တအိမ်ကို ရောက်သွားသလိုခံစားရတယ်”လို့ မြောက်ကိုရီးယားမှ ထွက်ပြေးလားသူ တဦးကပြောပါတယ်။ “ဆိုးလ်မှာ ပြုံယမ်းက အိမ်တွေရဲ့ အတွင်းပိုင်းကို လေ့လာခွင့်ရတာ အဓိပ္ပာယ်ရှိပါတယ်။ ဘယ်မှာပဲ နေနေ ရှင်သန်ရခြင်းတွေကတော့ အတူတူပါပဲ၊ တောင်နဲ့ မြောက် ကိုရီးယားဟာ မကြခင်မှာ ပြေပြေလည်လည်နဲ့ ပိုကောင်းတဲ့ ဆက်ဆံရေး ရနိုင်ပါစေလို့ ဆုတောင်းပါတယ်” လို့ အိမ်အတွင်းပိုင်း ဒီဇိုင်းတက်နေတဲ့ ကိုရီးယား ကျောင်းသားတယောက်ကပြောပါတယ်။ သီးသန့် ပြုလုပ်ထားတဲ့ ပရိဘောဂတွေနဲ့ မြောက်ကိုရီးယားထုတ် ပစ္စည်းတွေ အသုံးပြုထားတဲ့ ပြခန်းကို  ဧည့်သည်အမြောက်အမြား စိတ်ဝင်တစား လာရောက် ကြည့်ရှုခဲ့ကြပြီး မြောက်ကိုရီးယားမှ ထွက်ပြေးလာသူတဦးက ပြခန်းအကူအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။  ပြပွဲကို နိုဝင်ဘာလ ၅ ရက်နေ့အထိကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
4 years Ago
Up