ဆိုလာလျှပ်​စစ်​ဓာတ်​အားပေးစက်​ရုံ

May 21, 2019

မြန်မာနိုင်ငံ၏ ပထမဆုံး ​ဆိုလာလျှပ်​စစ်​ဓာတ်​အားပေးစက်​ရုံမှ ဓာတ်​အား စတင်ထုတ်လွှတ်မည်

မ​ကွေးတိုင်း​ဒေသကြီး၊ မင်းဘူးစကုမြို့နယ်​မှာ တည်​​ဆောက်​​နေတဲ့ မြန်​မာနိုင်​ငံရဲ့ ပထမဦးဆုံး နေ​ရောင်​ခြည်​စွမ်းအင်​သုံး လျှပ်​စစ်​ဓာတ်​အား​ပေးစက်​ရုံမှ လျှပ်​စစ်​ဓာတ်​အား ထုတ်​လွှတ်​​​ပေး​တော့မယ်​လို့ သိရပါတယ်​။ မ​ကွေးတိုင်း​ သယံဇာတ၊ သဘာဝပတ်​ဝန်းကျင်​နှင့် လျှပ်​စစ်​စွမ်းအင်​ဝန်​ကြီး ဦးမြင့်​​ဇော်​က "မြန်​မာနိုင်​ငံအ​နေနဲ့ ပထမဦးဆုံးပြုလုပ်​တဲ့ ဆိုလာဓာတ်​အား​ပေးစက်​ရုံ ဖြစ်​တယ်​။ ယခင်​အစိုးရလက်​ထက်​ ​၂၀၁၃ ​မေလ ၂ ရက်​​နေ့က Green Earth Power Myanmar Co., Ltd နဲ့ MOU ထိုးပြီး ၂၀၁၆ မတ်​လ ၂၀ ရက်​​နေ့မှာ PPA သ​ဘောတူညီမှု လက်​မှတ်​​ရေးထိုးခဲ့တဲ့ စီမံကိန်းတခု ဖြစ်​ပါတယ်​။ ယခင်အစိုးရလက်​ထက်​က ပြီးပြတ်​​အောင် ဆောင်​ရွက်​နိုင်​ခဲ့ခြင်း မရှိဘဲ အန်အယ်လ်ဒီအစိုးရ လက်​ထက်​မှာ ​မြေလွတ်​​မြေရိုင်း ဧက ၇၀၀ ကို နိုင်​ငံ​တော်​အ​နေနဲ့ ချထား​ပေးနိုင်​ခဲ့တယ်​။ မြေဧက လုံ​လောက်​မှုမရှိလို့ သစ်​​တော​မြေ ၁၃၆ ဧကကို နှစ်​ ၃၀ စာချုပ်​နဲ့ ငှားရမ်း​ပေးခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေ​ဖော်​ဝါရီလမှာ လုပ်​ငန်း စတင်​ အကောင်အထည်​ ဖော်​နိုင်​ခဲ့တာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်​။ ဓာတ်​အား​ပေးစက်​ရုံကနေ လျှပ်​စစ်​ဓာတ်​အား မဂ္ဂါဝပ် ၄၀ ထုတ်လွှတ်​နိုင်​မှာဖြစ်​ကာ အခု မေလကုန်​မှာ ၂၀ မဂ္ဂါဝပ်​ စတင်​ထုတ်​လွှတ်​​မှာဖြစ်ပြီး ကျန်​တဲ့ မဂ္ဂါဝပ်​ ၂၀ ကိုလည်း တလခွဲအတွင်း ထုတ်​လွှတ်နိုင်​​အောင်​ စီစဉ်​​နေတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ လျှပ်​စစ်ဓာတ်​အား တယူနစ်​ကို နိုင်​ငံ​တော်​က ၁၉၀ ကျပ် ပေး​ဆောင်​ဖို့ အရင်အစိုးရ လက်​ထက်​က သ​ဘောတူ လက်​မှတ်​​ရေးထိုးခဲ့တာဖြစ်​ပြီး ​နောက်​ထုတ်​မယ့် ဓာတ်​အား​တွေကို ​ဈေးနှုန်းလျှော့ချ​ပေးဖို့ ညှိနှိုင်း​နေတယ်​လို့လည်း ဝန်​ကြီးက ဆိုပါတယ်​။ အဲဒီဓာတ်​အား​ပေးစက်ရုံအနေနဲ့ မကွေးတိုင်းအတွင်း လျှပ်​စစ်​ဓာတ်​အား ထုတ်​လွှတ်​​ပေးတဲ့ ဆည်​​တွေ ​ရေ​​လျော့နည်းလို့ ဝန်​အား​လျော့ချကာ ဓာတ်​အားလုံလောက်​မှု မရှိတာကို ဖြည့်ဆည်း​ပေးနိုင်​မယ့်​အပြင် မြန်​မာနိုင်​ငံအတွက် များစွာ အ​ထောက်အကူ ဖြစ်​​စေမယ့် ပထမဆုံး​သော နေ​ရောင်​ခြည်​စွမ်းအင်​သုံး လျှပ်​စစ်​ဓာတ်​အား​ပေးစက်​ရုံတရုံလည်း ဖြစ်​ပါတယ်​။ သတင်း - မင်းထီး
3 years Ago
Up