ဆိုရိုးစကားကို ဆန်းစစ်ကြည့်ခြင်း

June 3, 2020

“ပေဖြစ်ခံ၊ တူဖြစ်နှံ” ဆိုရိုးစကားကို ဆန်းစစ်ကြည့်ခြင်း

နှောင်းလူတို့သည် မိမိတို့ရှေ့မှာ ရှိခဲ့ကြသော ရှေးပညာရှိတို့၏ အဆိုအမိန့်များကို ဘဝလမ်းညွှန်အဖြစ် ခံယူတတ်ကြမြဲပင်။ ပညာရှိတို့၏ အဆိုအမိန့် ဆိုသည့်အတိုင်းလည်း သဘာဝနိယာမ၊ လောကနိယာမ၊ ဘဝနိယာမတို့ကို ဆင်ခြင်သုံးသပ်၍ ဆိုမိန့်ခဲ့ကြခြင်း ဖြစ်သည်။ ပညာရှိတို့၏ အဆိုအမိန့်များကို ဘဝလမ်းညွှန်အဖြစ် ခံယူရာတွင် ထိုပညာရှိ ကျင်လည်ခဲ့ရာ ခေတ်ကိုလည်း ထည့်သွင်း၍ ကြည့်အပ်သကဲ့သို့ ‘သဘာဝနိယာမလား၊ လောကနိယာမလား’၊ သို့တည်းမဟုတ် ‘နှစ်မျိုးလုံးနှင့် ဆိုင်သလား’ ဟူသည်ကို ခွဲခြားကြည့်အပ်သည်။    သဘာဝနိယာမများအပေါ်တွင် အခြေပြုထားသည့် အဆိုအမိန့်တို့ကို နှောင်းလူတို့အနေဖြင့် ဘဝလမ်းညွှန်အဖြစ် အသုံးချရာတွင် အကောက်အယူ လွဲမှားသွားတတ်သည်တို့လည်း ရှိတတ်ပါသည်။ တခါတရံ ဘဝတလျှောက်လုံး တရားသေ ဆုပ်ကိုင်သွားတတ်သည်တို့လည်း ရှိသည်။ ဤသည်ကိုလည်း စာဖတ်ပရိသတ်များ နားလည်ပြီးဖြစ်မည် ထင်ပါသည်။ ပမာဆိုရသော် မြန်မာတို့၏ ‘စာကိုး၊ စကားကိုး’တခုဖြစ်သော “ပေဖြစ်ခံ၊ တူဖြစ်နှံ” ဆိုသော ဆိုရိုးတခု ရှိသည်။ အဆိုပါဆိုရိုးသည် မြန်မာတို့ထံသို့ မည်သည့်အချိန်ကာလက ရောက်ရှိလာသည် မသိ။ အမှန်မူ ထိုစကား၏ မူရင်းမှာ မြန်မာတို့၏ဆိုရိုးတစ်ခု မဟုတ်။ ၁၅၉၁ ခုနှစ်မှာ အင်္ဂလိပ်စာရေးဆရာနှင့် အဘိဓာန်ဆရာတစ်ဦး ဖြစ်သည့် “ရွန်ဖလောရင့်ယိုး” က “သင်သည် ပေ ဖြစ်သည့်အခါတွင် ခံနိုင်ရည်ရှိရမည်။ တူ ဖြစ်သည့်အခါတွင် အားရပါးရ ထုရမည်” ဟူ၍ ရေးသားခဲ့ရာမှ ‘စာကိုး၊ စကားကိုး’အဖြစ် ထင်ရှားလာခဲ့ပြီး စာပေမှတဆင့် လောကဓမ္မနိယာမ အဖြစ် တည်ရှိလာခဲ့ဟန်ရှိပါသည်။ အဆိုပါပညာရှင်က ‘ပေတုံး’ နှင့် ‘တူ’ ဆိုသော ‘သဘာဝဆင်တူနိယာမ’ မှ ထုတ်ယူထားသော ပုံပြဓမ္မတခု ဖြစ်သည်။ ပေတုံး၏ သဘာဝအရှိတရားမှာ ‘အခံ’ဘက်ကချည်း ဖြစ်သည်။ အထုအထောင်းခံနိုင်ရန် ပြုလုပ်ထားခြင်းသာ ဖြစ်သည်။ ထုရန်၊ ထောင်းရန်အတွက် မဟုတ်ချေ။ ထိုနည်းအတိုင်းပင် ‘တူ’၏သဘာဝမှာလည်း အထုထောင်းခံဖို့ မဟုတ်။ တူ၏သဘာဝမှာ ‘ထုရန်၊ ထောင်းရန်’အတွက်သာ ဖြစ်သည်။ ဤသည်တို့မှာ တရားသေဆန်သော ‘ဆောင်တာ’များသာ ဖြစ်သည်။ ဤသို့သော ‘သဘာဝနိယာမ’တခုကို မတည်မမြဲ ပြုပြင်ပြောင်းလဲတတ်သော သဘောရှိသည့် ဘဝနိယာမ၊ လောကနိယာမအဖြစ် ဆွဲယူအသုံးပြုရာတွင် အသုံးပြုသူ၏ အသိအမြင်ပေါ် မူတည်၍ ကောက်ချက်ချမှု လွဲမှားသွားတတ်သည်တို့ ရှိပါသည်။ ယင်းသို့ ကောက်ချက်ချမှု လွဲမှားသွားလျှင် ဘဝလမ်းညွှန်လည်း လွဲမှားသွားတတ်သည်သာ ဖြစ်သည်။ “ပေဖြစ်ခံ၊ တူဖြစ်နှံ” ဆိုသော ‘စာကိုး၊စကားကိုး’တခုကို အသုံးပြုသူ အများစု၏သဘောကို စစ်ကြောကြည့်လျှင် များသောအားဖြင့် “လက်စားချေခြင်း”ဟူသော သဘောအမြင်ဖြင့် အသုံးပြုလေ့ရှိသည်ကို တွေ့ရသည်။ ဤအမြင်မှာ ပညာရှိတို့၏ သဘောသဘာဝ စိတ်အခြေအနေနှင့် အလှမ်းကွာနေသည်ကို တွေ့ရသည်။ ပညာရှိတို့မည်သည် ‘လက်စားချေခြင်း’ကို အားပေးအားမြှောက် ဖြစ်စေသော သဘောသက်ရောက်သည့် အဆိုအမိန့်တရပ် မပြုလုပ်တန်ရာ။ ပညာရှိတို့၏သဘောသည် အကောင်း အဆိုး၊ အကြောင်း အကျိုး၊ အမှား အမှန်တို့ကို ရှေ့နောက် တွေးခေါ်မြော်မြင်ကြမြဲ ဖြစ်သည်ဟု ဆင်ခြင်ယူဆမိပါသည်။ သို့ဆိုလျှင် မူလပညာရှိက မည်သည်ကို အညွှန်းပြုရေးခဲ့ပါသနည်း။ မည်သည်ကို ပြောလိုသနည်း။ ‘တူနှင့် ပေ’ သည် “မူလ” သဘောနှင့် “အမူလ” သဘောဆန်သည်။ မတူညီသော ဆောင်တာနှစ်ခုဖြင့် ဖွဲ့စည်းခြင်းသဘော ဖြစ်သည်။ တူသည် အချိန်ရှိသမျှ ‘တိန်တိန်၊ တောင်တောင်’ အဆက်မပြတ် ထုနေသည် မဟုတ်။ လိုအပ်သော အခြေအနေနှင့် လိုအပ်သော အချိန်အခါ အလျောက် ထုနှက်ရသည်သာ။ သံရိုက်လိုသောအခါ၊ ပုံသွင်းလိုအခါများတွင်သာ အသုံးပြုလေ့ရှိပါသည်။ တရားသူကြီးနှင့် အစည်းအဝေးသဘာပတိတို့၏ လက်၌လည်း တူ ရှိသည်။ ပန်းပဲသမားလက်၌လည်း တူ ရှိမည်သာ။ တူကို အသုံးချပုံခြင်းကား မတူကြ။ ၎င်းတို့၏ အသုံးပြုလိုခြင်းနှင့် ပုံသွင်းလိုခြင်းသဘောမှာ “သမူဟ” ဆန်နေသည်ဟု ဆိုနိုင်သည်။ လူ့ဘဝ၌ ‘တူနှင့် ပေ’သည် ‘ယင်’နှင့် ‘ယန်’ကဲ့သို့ ‘ဘဝတစုံ’ဖြစ်သည်။ လျှောက်လှမ်းရာ ကာလတစ်လျှောက်၌ မိမိဘဝကိုယ်မိမိ ပုံသွင်းထုဆစ်ရာတွင် ပေကဲ့သို့ အထုနှက်ခံရသည်တို့လည်း ရှိသကဲ့သို့ တူကဲ့သို့ ထုနှက်ပုံသွင်းရသည်တို့လည်း ရှိတတ်သည်။ ဆိုးရွားသော လောကဓံနှင့် ကြုံတွေ့ရပါက ခံနိုင်ရည်ရှိအောင် မိမိစိတ်ကို မိမိ ပုံသွင်းကြရန် ဆိုလိုဟန်ရှိပါသည်။ ထိုနည်းနှင်နှင် တူအဖြစ်နှင့် ဘဝပုံသွင်းချိန်တွင်လည်း ‘သံပူတုန်း နာနာနှက်’ ဆိုသကဲ့သို့ မိမိကိုယ်ကိုယ် လိုသလို ပုံသွင်းထုနှက်အပ်ရာသည်ဟု ဆိုလိုဟန်ရှိပါသည်။ ဤသို့လျှင် မိမိတစ်ဦးချင်းဘဝ၌ ‘တူနှင့်ပေ’သည် ခွဲခြား၍ ရှုမြင်ရန် မဟုတ်။ ‘ပေ’မရှိဘဲ တူချည်းသက်သက်ဖြင့် ပုံသွင်းမရ။ ‘တူ’မရှိဘဲ ‘ပေ’ချည်းသက်သက်ဖြင့်လည်း ပုံသွင်း၍မရနိုင်။ ဤသည်တို့ကို ထောက်ရှုခြင်းဖြင့် ‘တူနှင့်ပေ’ သည် အခြားသူတို့အပေါ်တွင် ကျင့်သုံးခြင်းသဘော မဟုတ်တန်ရာ။ အခြားသူအပေါ်တွင် ကျင့်သုံးရန်အတွက်ဟု ယူဆလိုက်သည်နှင့် တပြိုင်တည်း ‘လက်စားချေခြင်း’ဘက်သို့ ဦးတည်သွားတတ်သည်ကို သတိချပ်ကြရန်လိုမည်ဟု ယူဆမိပါသည်။       ‘စာကိုး၊ စကားကိုး’ဟု ဆိုဆို၊ ‘ဆိုရိုးတခု’ဟု ပြောပြော၊ “ပေဖြစ်ခံ၊ တူဖြစ်နှံ”ဆိုသည့် ရှေးပညာရှိတို့၏ အဆိုအမိန့်အား အခြားရှုထောင့်တခုမှ ကြည့်မည်ဆိုလျှင် ‘လောကဓမ္မ’တွင် ဖြစ်လေ့ဖြစ်တတ်သည့် ‘လူ့သဘာဝစရိုက်’ အရ အငြိုးတကြီး လက်စားချေတတ်ခြင်းသဘော ရှိတတ်လေသောကြောင့် မိမိ ‘တူ’အဖြစ်သို့ ရောက်ရှိချိန်တွင် အလွန်အကျွံ မပြုမိကြစေရန် သတိပေး ထိန်းညှိပေးခြင်းလည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေ ‘ပေဖြစ်ခံ၊ တူဖြစ်နှံ’ဆိုသော ရှေးပညာရှိတို့၏ အဆိုအမိန့်သည် ‘လက်စားချေခြင်း’သဘော၊ အားပေးအားမြှောက်ပြုခြင်းသဘော မဟုတ်ဘဲ သတိပေး ထိန်းညှိပေးခြင်း သို့မဟုတ် တစ်ကိုယ်စာဘဝကို မိမိလိုအပ်သလို ပုံသွင်းရာ လက်နက်ကိရိယာအဖြစ် အသိပေး နှိုးဆော်ခြင်းသဘောဟုသာ ဆင်ခြင်မိပါသည်။ စာရှုသူ... သင်ကကော မည်သို့ ကောက်ယူဆင်ခြင်မိပါနည်း။ စေ့စေ့ငုငု ဆင်ခြင်၍ နှလုံးသွင်းနိုင်ကြပါစေသတည်း။        ထွန်းဇော်ဌေး
1 year Ago
Up