ဆိုမာလီယာနိုင်ငံ၊ မိုဂါဒစ်ရူးမြို့တော်မှာ စနေနေ့က ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး လူ ၁၁ ဦးထက်မနည်းသေဆုံး သွားပါတယ်။
မြို့တော်က ဈေးတခုမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲ့ဒီဈေးနဲ့ နီးတဲ့ တက္ကသိုလ်တခုကို သမတ ဟာဆန် ရှိတ် မိုဟာမက်က လည်ပတ်နေချိန်မှာ ပေါက်ကွဲခဲ့တာပါ။ တာဝန်ခံကြေညာတဲ့ အဖွဲ့အစည်းတော့ မရှိသေးပေမယ့် အယ်ရှဘတ်မွတ်စလင်အကြမ်းဖက်တပ်ဖွဲ့က ဖောက်ခွဲတာလို့ပဲ သံသယဖြစ်နေကြပါတယ်။
ဈေးမှာ လူတွေနဲ့ စည်ကားနေတဲ့အချိန် ဖောက်ခွဲခံရတာလို့ မျက်မြင်တဦးကပြောဆိုပါတယ်။ သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုပါတယ်။ ဆိုမာလီနိုင်ငံမှာ အာဖရိကညွန့်ပေါင်းတပ်ဖွဲ့အနေနဲ့ တပ်စွဲထားတဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၂၂၀၀၀ ကျော်ရှိပါတယ်။
ဆိုမာလီနိုင်ငံမှာ တင်းကျပ်တဲ့ ရှာရီယာဥပဒေကျင့်သုံးဖို့ အကြမ်းဖက်တိုက်ပွဲဝင်နေတဲ့ အယ်ရှဘတ်တပ်ဖွဲ့ဟာ အရင် သူတို့ခြေကုပ်ယူခဲ့တဲ့ ဒေသတွေကနေ တိုက်ထုတ်ခံခဲ့ရပြီး ဖြစ်ပေမယ့်လည်း အခုလို ဆိုမာလီအစိုးရနဲ့ နိုင်ငံခြားတပ်ဖွဲ့တွေအပေါ် ဆက်လက်ပစ်မှတ် ထားတဲ့ တိုက်ခိုက်နေတာပါ။
4 years Ago