ဆိုင်မွန်ဟေးလက်

September 22, 2020

အီတလီအိုးပင်းပြိုင်ပွဲတွင် ရိုမေးနီးယားတင်းနစ်မယ် ဆိုင်မွန်ဟေးလက် ဗိုလ်စွဲ

အီတလီ အိုးပင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရိုမေးနီးယားတင်းနစ်မယ် ဆိုင်မွန်ဟေးလက်က ချက်တင်းနစ်မယ် ပလစ်ကိုဗာကို အနိုင်ယူပြီး ချန်ပီယံဖြစ်သွားပါတယ်။  စက်တင်ဘာ ၂၁ ရက်က ရောမမြို့မှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ဟေးလက်စ်ဟာ ၆-၀ ၊  ၂-၁ နဲ့ အနိုင်ရနေချိန်မှာ ပြိုင်ဘက် ပလစ်ကိုဗာ ဒဏ်ရာရရှိသွားတာကြောင့် ဆက်လက်ယှဉ်ပြိုင်ရခြင်း မရှိဘဲ အနိုင်ရခဲ့တာပါ။ ဗိုလ်လုပွဲကစားခဲ့တဲ့ ဖာရိုအီတလီကိုစင်တာထဲမှာ ပရိသတ်အနည်းငယ်လည်း ဝင်ရောက် ကြည့်ရှုခွင့်ပေးခဲ့ပါတယ်။ ဆိုင်မွန်ဟေးလက်စ်အတွက် တစ်နှစ်အတွင်း တတိယအကြိမ်မြောက် ဆုဖလားရရှိခဲ့တာ ဖြစ်ပြီး ကိုဗစ်-၁၉ မဖြစ်ပွားခင်က ဒူဘိုင်းမှာချန်ပီယံဖြစ်ခဲ့သလို ပရက်မြို့မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့်-၂ သတ်မှတ်ခံထားရတဲ့ ဆိုင်မွန်ဟေးလက်ဟာ  ၂၀၁၈ ပြင်သစ်အိုးပင်းနဲ့ ၂၀၁၉ ဝင်ဘယ်တန်အိုးပင်းတွေမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။  ဟေးလက်ဟာ အခုနှစ် ယူအက်စ်အိုးပင်းမှာတော့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ သြစတြေးလျအိုးပင်းမှာတော့ ဆီမီးဖိုင်နယ်နဲ့ ကျေနပ်ခဲ့ရပါတယ်။
8 months Ago
Up