ဆိုင်ခန်း

October 25, 2022

ပုသိမ်ဘူတာဈေးအနီး ဆိုင်ခန်းများ မီးလောင်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်ရှိ  ဘူတာဈေးအနီးက ဆိုင်ခန်းတွဲတွေမှာ အောက်တိုဘာ ၂၅ ရက် ဒီနေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘူတာဈေးနားက ဆိုင်ခန်းတွဲတွေမှာ မနက် ၁ နာရီခွဲကျော်လောက်ကနေ စတင် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၂ နာရီခွဲလောက်မှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

“လူအိမ်ချိန်မှလောင်တော့တော်တော်ဆိုးသွားတယ်။ ညမထွက်ရအမိန့်လည်းရှိတော့ လာကူတဲ့သူလည်း နည်းသွားတယ်။ မီးသတ်ကတော့ လာပါတယ်။ ဒါပေမဲ့ ထင်သလောက်ခရီးမပေါက်တော့ ဆိုင်ခန်း ၅ ခန်း လောက်ပါသွားတယ်။” 

မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး လူသေဆုံးထိခိုက်ဒဏ်ရာရတာမရှိပေမဲ့ မီးထဲပါသွားတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးနဲ့ မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။

ပုသိမ်ဒေသခံတဦးက“မီးကပျက်လိုက်လာလိုက်ဆိုတော့ အင်ဗာတာတွေ မီးအားမြှင့်စက်တွေ ဖွင့်ထားမိလို့ မီးအားစောင့်တက်ပြီး လောင်တာမျိုးလည်းဖြစ်နိုင်တယ် မီးက လူအိပ်ချိန်မှပြန်လာ ခုနောက်ပိုင်း အဲ့တာကြောင့် ဖြစ်ဖို့များတယ်” လို့ ပြောပါတယ်။

မီးလောင်ကျွမ်းတဲ့ ဘူတာဈေးနားက ဆိုင်ခန်းတွဲတွေကို မီးသတ်ယာဉ် ၅ စီး၊ အထောက်ကူပြုယာဉ် ၂ စီး စေလွှတ်မီးငြှိမ်းသတ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

1 month Ago

October 20, 2022

မြိတ်မြို့ မြို့မအားကစားကွင်းမျက်နှာစာရှိ ဆိုင်ခန်း ၃၇ ခန်း ဖယ်ရှားရန် စစ်ကောင်စီ ဖိအားပေး

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြို့မအားကစားဘောလုံးကွင်း မျက်နှာစာမှာရှိတဲ့ ဈေးဆိုင်ခန်း ၃၇ ခန်းကို သုံးလအတွင်း အပြီးဖယ်ရှားဖို့ စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်း အစိုးရအဖွဲ့က ဆိုင်ခန်းပိုင်ရှင်တွေကို ခေါ်ယူပြီး ဖိအားပေးခဲ့တယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။

အဲဒီဆိုင်ခန်းမြေနေရာတွေကို မြိတ်ခရိုင် အားကစားနဲ့ ကာယပညာ ဦးစီးဌာနက နှစ် ၃၀ စာချုပ်နဲ့ ငှားရမ်းထားတာဖြစ်ပြီး ဆိုင်ခန်းတွေကို ဖယ်ရှားပေးဖို့ စစ်ကောင်စီလက်အောက်ခံ အစိုးရအဖွဲ့က အောက်တိုဘာ ၁၄ ရက်မှာ ဆိုင်ခန်းပိုင်ရှင်တွေကို ခေါ်ယူပြီး အတင်း လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ ကန်ထရိုက်ငှားရမ်းပြီး အခိုင်အမာ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေ ဖြစ်တာကြောင့် သုံးလအတွင်းမဟုတ်ဘဲ နောက်ထပ် သုံးနှစ်လောက် ဆက်လက်လုပ်ကိုင်ခွင့်ရဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီလက်အောက်ခံ အစိုးရအဖွဲ့ကတော့ အထက်ကို တင်ပြပေးမယ်လို့ပဲ အကြောင်းပြန်ခဲ့ပါတယ်။

လက်ရှိ ဆိုင်ခန်းတခန်းရဲ့ ကာလတန်ကြေးက သိန်း ၇၀၀ ဝန်းကျင်ရှိပြီး စာချုပ်သက်တမ်းက ၆ နှစ်ကနေ ၉ နှစ်အထိ ကျန်ရှိနေသလို တချို့ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ စစ်အာဏာမသိမ်းခင် လပိုင်းအလိုက ဝယ်ထားသူတွေလည်းရှိတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံအတွင်းက မြို့နယ်တချို့မှာရှိတဲ့ အားကစားနဲ့ ကာယပညာ ဦးစီးဌာနက နှစ်ရှည်ငှားရမ်းထားတဲ့ မြေနေရာတွေကို အင်အားသုံးဖယ်ရှားတာတွေ ပြုလုပ်လာပါတယ်။

2 months Ago
More News
Up