ဆိုင်ကလုန်း

October 24, 2022

ဆိုင်ကလုန်းမုန်တိုင်း “စီတရန်(SITRANG)” မြန်မာဘက်ဦးတည်ခြင်းမရှိ၊ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက် မိုးသည်းထန်နိုင်

ဆိုင်ကလုန်းမုန်တိုင်း “စီတရန်(SITRANG)”ဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိပေမဲ့ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ် မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ မိုးဇလဌာနက အောက်တိုဘာ ၂၄ ရက် ဒီနေ့ မနက်  သတိပေးကြေညာထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ  မြောက်-အရှေ့မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၃၆၀)မိုင်ခန့်၊ သံတွဲမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၄၀)မိုင်ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် ရေမိုင် (၂၉၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဆာဂါကျွန်းတောင်ဘက် ရေမိုင်(၂၄၀)မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဆောမြို့ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ဆိုပါတယ်။

အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)နှုန်းရှိမယ်လို့ ခန့်မှန်းထားတဲ့ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းရဲ့လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့ အဝါရောင်အဆင့်သတ်မှတ်ထားပါတယ်။

နောက် ၁၂ နာရီအတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “စီတရန် (SITRANG)” အဖြစ်သို့ ရောက်ရှိနိုင်ကာ မနက်ဖန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို တင်ကိုနာကျွန်းနဲ့  ဆန်းဝစ်(ပ်)ကျွန်းတို့ အကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် အောက်တိုဘာ ၂၆ ရက်မှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ဒေသတချို့မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၆၀ အထိ တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။ 

မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ် မိုးသည်းထန်စွာရွာသွန်း၊ လျှပ်တစ်ပြက် ရေကြီး၊ မြေပြိုတာတွေဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ သတိထားကြဖို့၊ မြစ်ချောင်းအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုကို သတိပြုဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုး တန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ် သင်္ဘောတွေ  ကြိုတင်သတိပြုဖို့လည်း အကြံပြုထားပါတယ်။

Ref- မိုးဇလ

3 months Ago

March 18, 2022

ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်း ရက်ပိုင်းအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်

ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး လာမယ့်ရက်ပိုင်းအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်တယ်လို့ မိုးလေဝသတွက်ချက်ခန့်မှန်းရေးဌာနတွေက ထုတ်ပြန်ထားကြပါတယ်။

လေဖိအားနည်းရပ်ဝန်းဟာ လက်ရှိမှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်းပိုင်းမှာ ဖြစ်ပေါ်နေပြီး ပိုအားကောင်းလာနေတာဖြစ်ပါတယ်။

မြောက်ဘက်ကို ရွေ့လျားလာနိုင်ပြီး မတ် ၂၀ ရက်မှာတော့ ကိုကိုးကျွန်းအနားမှာ မုန်တိုင်းငယ်အဖြစ်ကို ရောက်နိုင်ပါတယ်။

မိုးလေဝသခန့်မှန်းရေးဝက်ဘ်ဆိုက်တခုဖြစ်တဲ့ windy.com ကတော့ ကယားပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက နေရာတချို့မှာ ဒီနေ့ မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းစဖြစ်လာမယ့် မတ် ၂၀ ရက်မှာတော့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်က နေရာတချို့မှာ မိုးရွာနိုင်ပြီး မတ် ၂၁ ရက်မှာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း ပဲခူးတိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက နေရာတချို့မှာ မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။

ပြီးတော့ မတ် ၂၃ ရက်နေ့မှာ မြန်မာတနိုင်ငံလုံးနီးပါး မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒဌာနကလည်း မုန်တိုင်းဖြစ်လာမယ့်အကြောင်းကို ထုတ်ပြန်ထားပြီး မတ် ၂၂ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုတန်းနားကို ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ရန်ကုန်ကနေ တနင်္သာရီကမ်းရိုးတန်းတလျှောက်ပင်လယ်ပြင်မှာ ဒီနေ့ မွန်းတည့်ကနေ နောက် ၂၄ နာရီအတွင်း နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ရေပြင်လေဟာ တနာရီကို ၃၅ မိုင်လောက်အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်ကနေ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာလည်း ဒီနေ့ မွန်းတည့်ကနေ နောက် ၂၄ နာရီအတွင်း နေရာကွက်ကျားမိုးရွာနိုင်ပြီး လေတိုက်နှုန်းကတော့ တနာရီကို မိုင် ၃၀ လောက်အထိ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

10 months Ago
More News
Up