ဆိုင်ကယ်လုယက်မှု

October 17, 2021

မြစ်ကြီးနားမြို့တွင် ဓားထောက် ဆိုင်ကယ်လုယက်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာရပ်ကွက်‌၊ ရွှေနှင်းဆီမုန့်တိုက်ဘေးလမ်းကြားမှာ အောက်တိုဘာ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က ဓားထောက်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ လုယက်ခံရသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ဆိုင်ကယ်စီးလာတဲ့ ညီမလေးကို ကောင်လေး ၃ ယောက်က ဆိုင်ကယ်နှစ်စီးနဲ့ ကပ်လိုက်လာပြီး ညီမလေး ဆိုင်ကယ်ကို ခြေထောက်နဲ့ ကန်၊ ကချင်ဓားရှည်နဲ့ ထောက်ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံအိတ် လုယူသွားပါတယ်။ မြစ်ကြီးနား မူးယစ်ဆေးသမားတွေ နေ့ခင်းကြောင်တောင် အချိန်တောင် အရမ်းသောင်းကျန်းနေပါပြီ။”

မြစ်ကြီးနားမြို့မှာ အလားတူ ဓားထောက် လုယက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့အတွက် မြို့ခံပြည်သူတွေ စိုးရိမ်ကြောင့်ကြစွာနဲ့ သွားလာနေရတယ်လို့ သိရပါတယ်။

1 month Ago

September 1, 2021

လားရှိုးမြို့၌ ဆိုင်ကယ်လုယက်မှုများ နေ့စဉ်ဖြစ်ပွားနေ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော် လားရှိုးမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ကယ်လုယက်မှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလာနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လားရှိုးမြို့ခံတစ်ဦးက "ဆိုင်ကယ်လုတဲ့သူတွေက နေ့ခင်းဘက်ပေါ်တင်ကြီး လုတာပဲ။ သူတို့မှာ ဓားမဟုတ်ရင် တုတ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ လလောက်ကစပြီး ဆိုင်ကယ်လုတာတွေ တနေ့တခြား များများလာတယ်၊ အတင့်လည်းရဲလွန်းတယ်" လို့ ပြောပါတယ်။

ဆိုင်ကယ်လုယက်သူတွေဟာ အနည်းဆုံး ဆိုင်ကယ်( ၂) စီး၊ လူ (၄) ယောက် အုပ်စုငယ်တွေဖွဲ့ပြီး လုယူနေတာလို့ ဆိုပါတယ်။

"အုပ်စုငယ်လေးတွေဖွဲ့ပြီး လုယူတာများတယ်။ အဓိက ဆိုင်ကယ် အလုခံရတာက အမျိုးသမီးတွေများတယ်။ ယောင်္ကျား တစ်ယောက်တည်းလည်း ဆိုင်ကယ်အမျိုးစားကောင်း အသစ်လည်းဖြစ်တယ်ဆိုရင် လူပြတ် လူရှင်းတဲ့ လမ်းဆို လုခံရတာပါပဲ" လို့ ဆိုပါတယ်။

လားရှိုးမြို့ပေါ်မှာ အခုလို လုယက်မှုတွေ များလာတာဟာ စစ်အာဏာသိမ်းလိုက်တာရယ်၊ ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကိုင်တွယ်မှုညံ့ဖျင်းတာရယ်ကြောင့် အ‌ခြေခံလူတန်းစားပြည် သူတွေမှာ နေ့စဉ်ဝင်ငွေ မရှိတော့လို့ ဖြစ်တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

"စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးလည် ပတ်မှုတွေ ကမောက်ကမ ဖြစ်တယ်။ အဲ့ဒီတော့ လုပ်ငန်းရှင်တွေက အလုပ်ပုံမှန် မလည်ပတ်နိုင်တော့ပဲ အလုပ် သမားတွေကို အလုပ်က နားခိုင်းတာ တွေရှိလာတယ်။ နောက်တခု ကိုဗစ်ကူးစက်မှုကို စစ်တပ်က ထိန်းချုပ်တာ ညံ့လွန်းတယ်။ လားရှိုးမှာ နေ့စဉ် ရောဂါပိုးတွေ့တဲ့ လူနာသစ်တွေရှိတယ်။ အဲ့တော့ အသွားအလာတွေကန့် သတ်တယ် ဆိုင်တွေ ဈေးတွေ လုပ်ငန်းတွေပိတ်တယ်။ ဒီတော့ နေ့လုပ်နေ့စားတွေက ငတ်ပြီလေ။ ဝမ်းဝမှ သီလတောင့်မယ်ဆိုတဲ့အတိုင်း တချို့က ဝမ်းရေးဖြေရှင်းဖို့ လွယ်တာ ထွက်လုတာပေါ့။ အိမ်ငှားနေတဲ့သူတွေဆိုရင် တိုင်ကို ပတ်နေတာပဲ။ ‌အကြွေးပေါ် အ‌ကြွေးဆင့်နဲ့ ခံစားနေကြရတယ်" လို့ ‌မြို့ခံတွေက ဆိုပါတယ်။

လားရှိုးမြို့ပေါ်မှာ ရွေ့ပြောင်းလုပ်သားတွေများပြီး အိမ်ခန်းငှားနေထိုင်သူတွေဟာလည်း ရပ်ကွက်တိုင်းမှာရှိပါတယ်။ ဒါ့အပြင် လက်လုပ် လက်စား မြို့ခံတွေလည်း ရှိပါတယ်။ 

အရင် အရပ်သားအစိုးရ  NLD လက်ထက်က ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း နေ့စဉ်ပုံမှန်ဝင်ငွေမရကြတဲ့ မိသားစုတွေ အခြေခံစား သောက်ကုန်‌နဲ့ ငွေကြေးထောက်ပံ့တဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း ထိထိရောက်ရောက်ပေးနိုင်တာကြောင့်ခိုး၊ ဆိုး၊ နှိုက်၊ လုယက်မှု မရှိသလောက် နည်းပါးခဲ့တာလို့ လားရှိုးမြို့ခံတွေကဆိုပါတယ်။

"အမေစု အစိုးရ NLD အုပ်ချုပ်တုန်းက ကိုဗစ်ကာလ ‌ဝင်ငွေမရှိတဲ့သူတွေကို ပိုက်ဆံနဲ့ ဆန်၊ ဆီ၊ ဆား၊ ကုလား ပဲ၊ ကြက်သွန် ထောက်ပံ့တော့ ခံသာတယ်။ Q ဝင်မယ်ဆိုလည်း ပူစရာမလိုဘူး။ အခု စစ်တပ်က ဘာမှ မထောက်ပံ့ဘူး။ ကိုဗစ်ကူးလို့ ဆေးကုလည်း ကိုယ့်အားကိုပဲ။ အုပ်ချုပ်မှုနဲ့ စီမံမှုက အရမ်းကို ကွာတယ်။ စစ်တပ်လုပ်မှပဲ ကျုပ်တို့မြို့မှာ နေ့ခင်းကြီးတောင် ဆိုင်ကယ်လုခံရတာပဲကြည့်ဗျာ" လို့ လားရှိုးသားတစ်ဦးကပြောပါတယ်။

လားရှိုးမြို့ပေါ်မှာ အာဏသိမ်းစစ်ကောင်စီ လက်အောက် ခံ အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရ.မ.ခ) အပါအဝင်တပ်ရင်းပေါင်း (၂၀)ကျော်၊ ဒုပြည်နယ်၊ ခရိုင်၊ မြို့ နယ်ရဲတပ်ဖွဲတွေ အဆင့်ဆင့်ဖွဲ့စည်း ထားရှိပေမယ့် မြို့ပေါ်ရပ်ကွက်က ဒုစရိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တာ မရှိတဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

3 months Ago
Up