ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာတွင် အပျက်အစီး ကြီးကြီးမားမား မရှိ

A d v e r t i s e m e n t With Us

January 5, 2019

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကချင်နှင့်ရှမ်းမှလွဲ၍ တနိုင်ငံလုံး မိုးရွာနိုင်

ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် ကချင်နဲ့ ရှမ်းကလွဲပြီး တနိုင်ငံလုံးမှာ မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ဆိုင်ကလုန်းမုန်တိုင်း ပါဘက် ဟာ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၇၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ မုန်တိုင်းရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမှာ မဟုတ်လို့ အဝါရောင်အဆင့်လို့ သတ်မှတ်ထားပေမယ့် တနင်္သာရီတိုင်းဟာ ဆိုင်ကလုန်းမုန်တိုင်းရဲ့ အဝန်းအဝိုင်းထဲကို ကျရောက်နေတာကြောင်း မုန်တိုင်းရဲ့ သက်ရောက်မှုအန္တရာယ်ကို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ မုန်တိုင်းအရှိန်ကြောင့် ဒီနေ့ နေ့လယ်ကနေ နောက် ၇၂ နာရီ (၃ ရက်) အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က လွဲပြီး တနိုင်ငံလုံးမှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်သလို တချို့နေရာတွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့  သတိပေးနှိုးဆော် ထားပါတယ်။ ပြီးတော့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့လည်း ဆိုပါတယ်။ မိုးသက်လေပြင်းကျတုန်းမှာ ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၄၀ အထိတိုက်ခတ်နိုင်ပြီး  လှိုင်းအမြင့်ကတော့ ၈ ပေကနေ ၁၀ ပေလောက် ရှိနိုင်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ပါဘက်ရဲ့ အရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ အချိန်အခါမဟုတ် မိုးရွာတာတွေ ဖြစ်နိုင်လို့ ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့က ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ ကြိုတင်သတိပြု ရှောင်ရှားကြဖို့လည်း အကြံပြုထားပါတယ်။ နောက် ၄၈ နာရီအတွင်းမှာတော့ မုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ကပ္ပလီကျွန်းစုကို ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်း ပါဘက်ဟာ  မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲအချိန်မှာ ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံး လေတိုက်နှုန်းကတော့ တနာရီကို မိုင် ၅၀ နှုန်း ရှိနေပါတယ်။
2 years Ago

May 22, 2016

ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာတွင် အပျက်အစီး ကြီးကြီးမားမား မရှိ

ရွန်နူဆိုင်ကလုန်းမုန်တိုင်း အဖျားခတ်ပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့အတွင်း ကုန်းတွင်းမုန်တိုင်းငယ်တခု ၀င်ခဲ့ပေမယ့် အပျက်အစီးဆုံးရှုံးမှု ကြီးကြီးမားမား မရှိသလို လူအသေအပျောက်လည်း မရှိခဲ့ပါဘူး။ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနရဲ့ စာရင်းတွေအရ ကယား၊ ရှမ်းနဲ့ ပဲခူးတိုင်းတို့အတွင်း အိမ်ခြေ ၅၀ ကျော်လောက် ထိခိုက်ပျက်စီးခဲ့ပြီး လူ ၃၀၀ ကျော် လေဘေးသင့်ခဲ့ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဗဟိုချက်နဲ့ နီးခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း မေ ၂၂ ရက် မွန်းလွဲပိုင်းထိ ပျက်စီးဆုံးရှုံးမှု တစုံတရာ မရှိဘူးလို့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။ “လေတိုက်ပြီး မိုးသည်းသည်းထန်ထန် ရွာသွားတာပဲ ရှိတယ်။ မောင်တောတောင် ကျနော်တို့က ဟိုဟာ ဖြစ်မယ်ထင်တာ၊ မုန်တိုင်းတကယ်ဖြတ်ကျော်ပြီးသွားတော့ အေးအေးဆေးဆေးပဲ၊ ဘာမှ အပျက်အစီးသတင်း မကြားဘူးဗျ။” ကုန်းတွင်းမုန်တိုင်းငယ်ဖြတ်သွားတဲ့ စစ်ကိုင်းတိုင်းမှာလည်း အေးအေးချမ်းချမ်းပဲလို့ တိုင်းဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးသန်းဌေးက ပြောပါတယ်။ “စစ်ကိုင်းမှာ အေးအေးချမ်းချမ်းပါပဲဗျာ။ လေတအားကြီးပြင်းတာတောင် မရှိဘူး၊ကျနော်တို့ဆီမှာ ခုချိန်ထိလည်း ဘာမှ သတင်းမရောက်ပါဘူး၊ aဒသတွေကလည်း အဲ့ဒါမျိုး လေပြင်းတိုက်လို့ ပျက်တာဆိုတာမျိုး ဆက်မလာကြပါဘူး။” လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ အင်တာနက်စာမျက်နှာမှာလည်း “ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တွင် အေးချမ်းလျက်ရှိသည်။ ချင်းပြည်နယ် ဖလမ်းမြို့တွင် လေးခန်းတွဲ ကျန်းမာရေးဝန်ထမ်း နေအိမ် မြေပြိုဘေး လုံခြုံမှုမရှိ၍ ပြောင်းရွှေ့ထား၊ မတူပီတွင် လိုင်လင်းတီး မြို့ကွက်သစ် အထကကျောင်း ပျက်စီးမှုရှိ၊ မင်းတပ်တွင် ဆိုင်ကယ်တစ်စီး ပျက်စီး လူအထိအခိုက်မရှိ၊ ပလက်ဝတွင် မော်တော်ယာဉ်လိုင်းများ ရပ်ဆိုင်းထား၊ အခြားအဆောက်အဦ လူအထိအခိုက်မရှိဟု ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးထံမှ သတင်းရရှိပါသည်။” လို့ ရေးသားဖော်ပြထားပါတယ်။ မေလ ၂ ရက်မှာ ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်းတိုင်းအရှိန်ကြောင့် မြန်မာပြည်ဒေသအနှံ့အပြားမှာ မိုးသည်းထန်းစွာ ရွာသွန်းခဲ့ပြီး ဒေသအချို့မှာ မိုးသက်လေပြင်းကျခဲ့ပါတယ်။
5 years Ago
Up