ဆိုင်ကယ်နှစ်စီး

May 29, 2017

ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက် ၁ ဦး ခြေကျိုး

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ထူးကြီးမြို့မှာ မေလ ၂၈ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်း ဆိုင်တိုက်မှုဖြစ်ပွားရာ တဦး ခြေထောက်ကျိုးသွားပါတယ်။ ဟသာင်္တ-ကြံခင်း အဝေးပြေးလမ်းပေါ်ရှိ ထူးကြီးမြို့ ဒေသအခေါ် ဂုံးညီနောက်နားမှာ ၃ ဦး စီးလာတဲ့ ဆိုင်ကယ်နဲ့ တဦးတည်း စီးလာတဲ့ ဆိုင်ကယ်တို့ လမ်းမအလယ်မှာ မျက်နှာချင်းတိုက်ကြတာပါ။ ထူးကြီးနယ်မြေရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ်ရွှေအေးက “ဆိုင်ကယ်မောင်းနှင်သူ နှစ်ဦးလုံးကို ကျနော်က တရားလိုပြုတယ်။ ဒုရဲအုပ်မျိုးစည်သူက အမှုစစ်မယ်။ ဆိုင်ကယ်မောင်း နှစ်ယောက်လုံး အမှုဖွင့်ထားတယ်။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈/၃၃၇ ယာဉ်မဆင်မခြင် မောင်းနှင်လို့ ပြင်းထန်ဒဏ်ရာရရှိမှုနဲ့ ဖွင့်တယ်။ တယောက်သမားက ခြေကျိုးသွားတယ်။ ခု ထူးကြီးဆေးရုံတင်ထားတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ ထူးကြီးရဲစခန်းမှာ ၂၀၁၇ ခုနှစ် ၅ လပိုင်းအထိ ယာဉ်နဲ့ပတ်သက်တဲ့ အမှုပေါင်း ၇ မှုအနက် ဆိုင်ကယ်အမှုက အများဆုံး ဖြစ်ပါတယ်။ သတင်း - သန်းထိုက်မြင့်၊ ဓာတ်ပုံ - ချစ်ကို
4 years Ago
Up