ဆိုက်ဘေးရီးယား

October 24, 2022

ဆိုက်ဘေးရီးယားရှိ လူနေအဆောက်အအုံပေါ် ရုရှားတိုက်လေယာဉ်ပျက်ကျ

ရုရှားစစ်လေယာဉ်တစ်စင်း ဆိုက်ဘေးရီးယားဒေသ အီရာကုစ်ခ် မြို့က လူနေအဆောက်အအုံတစ်ခု ပေါ်ကို အောက်တိုဘာ ၂၃ ရက်က ပျက်ကျခဲ့ပြီး လေယာဉ်မှူးနှစ်ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ဟာ မြို့ထဲက နှစ်ထပ်အိမ်တစ်လုံးပေါ်ကို ပျက်ကျခဲ့တယ်လို့ အီရာကုစ်ခ်မြို့ အုပ်ချုပ်ရေးမှူး အစ်ဂေါကော့ဘ်ဇဲပ် က တယ်လီဂရမ် လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။

မီးသတ်သမားတွေက အပျက်အစီးတွေ အပေါ်တက်ပြီး မီးတောက်နေတဲ့ အပြိုအပျက် တွေဆီ ရေတွေထိုးဖြန်းနေတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို လွှင့်တင်ခဲ့ပါတယ်။

မြေပြင်မှာ ဘယ်သူမှ မထိခိုက်ဘူးလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ လေယာဉ်ဟာ စမ်းသပ်ပျံသန်းနေတဲ့ ဆူခွိုင် Su-30 တိုက်လေယာဉ်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

လေယာဉ်ပျက်ကျတဲ့ နေရာရဲ့ အနီးနားမှာရှိတဲ့ အိမ်ခြေ ၁၅၀ မှာ လျှပ်စစ်မီး ပြတ်တောက်နေပြီး လျှပ်စစ်ဓာတ်အား ပြန်ရဖို့ လုပ်ဆောင်နေပါတယ်။

အောက်တိုဘာ ၁၇ ရက်က ယူကရိန်းနိုင်ငံနားမှာရှိတဲ့ ယေ့စ်ခ်မြို့တောင်ပိုင်းမှာ တိုက်ခန်းတွဲ တစ်ခုပေါ်ကို ဆူခွိုင် Su-34 တစ်စီး ပျက်ကျခဲ့ပြီး လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

လေယာဉ်မှူးတွေ သေဆုံးခဲ့တဲ့ လေယာဉ် ပျက်ကျမှုမှာ ကနဦး စုံစမ်းစစ်ဆေးမှုအရ လေယာဉ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကို ထောက်ပြခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရုရှားနိုင်ငံပိုင် စုံစမ်းစစ်ဆေးရေးကော်မတီက လေကြောင်းဘေးကင်းရေး စည်းမျဉ်းတွေကို ချိုးဖောက်မှုတွေနဲ့  ပတ်သက်ပြီး ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

1 month Ago

November 26, 2021

ဆိုက်ဘေးရီးယားတွင် ကျောက်မီးသွေးတွင်းမတော်ဆမှုကြောင့် ၁၄ ဦး သေဆုံး၊ ဒါဇင်နှင့်ချီပိတ်မိ

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားမှာ နိုဝင်ဘာ ၂၅ ရက်က ကျောက်မီးသွေးမိုင်းတွင်း မတော်တဆမှု ဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ မြေအောက်ပိတ်မိနေပြီး ကယ်ထုတ်ဖို့ ကယ်ဆယ်ရေးသမားတွေကို ကြိုးပမ်းနေကြပါတယ်။

နှင်းတွေဖုံးလွှမ်းနေတဲ့ Kemerovo ဒေသရှိ Listvyazhnaya ကျောက်မီးသွေးတွင်းက လေဝင်လေထွက်ပေါက်တစ်ခုမှာ ကျောက်မီးသွေးဖုန်မှုန့်များ မီးလောင်မှုကြောင့် အနည်းဆုံး မိုင်းတွင်းလုပ်သား ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အရေးပေါ်ဝန်ဆောင်မှုတွေကို ကိုးကားပြီး TASS သတင်းမှာ ဖော်ပြပါတယ်။ 

ကယ်ဆယ်ရေးသမား သုံးဦးလည်း သေဆုံးခဲ့ကြောင်း အရေးပေါ်ဝန်ကြီးဌာနရဲ့ ယာယီ အကြီးအကဲက ပြောကြားခဲ့ပါတယ်။ 

ဆေးရုံမှာ ဒါဇင်နဲ့ချီ ဆေးကုသမှု ခံယူနေရပြီး အဲဒီထဲကတချို့က မီးခိုးအဆိပ်သင့်ခဲ့ပြီး  လေးဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ 

မနေ့ကတော့ ပေါက်ကွဲမှုဖြစ်နိုင်ခြေ အရမ်းများလို့  ဓာတ်ငွေ့ပါဝင်မှု လျော့နည်းသွားချိန်ထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ထားကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

ကယ်ဆယ်ရေးလုပ်ငန်း မရပ်နားခင်က မိုင်းတွင်းအတွင်း လျှပ်စစ်ဓာတ်အားနဲ့လေဝင်လေထွက် ရှိနေဆဲဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပေမဲ့ မြေအောက်နက်နက်မှာတော့ လူတချို့နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။ 

Kemerovo ဒေသဟာ သုံးရက်ကြာ ဝမ်းနည်းခြင်းကာလကို ကြေညာခဲ့ပါတယ်။ 

Listvyazhnaya သတ္တုတွင်းဟာ ပုဂ္ဂလိကပိုင် Siberian စီးပွားရေးသမဂ္ဂက ပိုင်ဆိုင်တဲ့ SDS-Holding ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး ပိုင်ရှင်က ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။ 

1 year Ago
More News
Up