ဆိုက်ဘာ

November 21, 2020

ယူနိုက်တက်အသင်း ဆိုက်ဘာတိုက်ခိုက်ခံရ

မန်ချက်စတာယူနိုက်တက်ကို ပစ်မှတ်ထားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတခုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ အသင်းက ထုတ်ပြန်ပါတယ်။  ဒီအကြောင်းကို ယူနိုက်တက်အသင်းက နိုဝင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အားလုံးကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီလို့ ဆိုပါတယ်။ ဟက်ကာတွေဘက်က အသင်းရဲ့ နည်းပညာပိုင်းဆိုင်ရာ စနစ်တွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပေမယ့် ကလပ်ဝက်ဘ်ဆိုဒ်နဲ့ အပလီကေးရှင်းတွေ ကျိုးပေါက်သွားခဲ့တာ မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ စနေနေ့ ညနေပိုင်းမှာ ဝက်စ်ဘရွမ်းအသင်းကို အိုးထရက်ဖို့ဒ်မှာ လက်ခံကစားသွားရမှာဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်မှုက ဒီပွဲအပေါ် အကျိုးသက်ရောက်မှု တစုံတရာရှိစေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။  အသင်းရဲ့စနစ်တွေကို ဆိုက်ဘာတိုက်ခိုက်မှုတခု ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်နေပြီဖြစ်ကာ ဒီတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးဖို့၊ နောက်ထပ်တိုက်ခိုက်မှုတွေ ထပ်ဖြစ်မလာဖို့အတွက် ကျွမ်းကျင်သူတွေရဲ့ အကြုံပြုချက်တွေအတိုင်း လိုက်နာဆောင်ရွက်နေပါတယ်လို့ အသင်းက ဆိုပါတယ်။   “ဝက်ဘ်ဆိုဒ်၊ အပလီကေးရှင်းအပါအဝင် ကလပ်ရဲ့ မီဒီယာချန်နယ်တွေအားလုံး ထိခိုက်မှုမရှိခဲ့သလို တိုက်ခိုက်မှုကြောင့် ပရိသတ်တွေနဲ့ ကာစတန်မာတွေနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ပေါက်ကြားခဲ့တာမျိုးကိုလည်း မတွေ့ခဲ့ပါဘူး။ အိုးထရက်ဖို့ဒ်မှာ ကျင်းပမယ့် ပွဲနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်အားလုံးဘေးကင်းခဲ့ကာ ဝက်စ်ဘရွမ်းနဲ့ပွဲကို အစီစဉ်အတိုင်းကျင်းပသွားမှာဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။  ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ အဖွင့်ရလဒ်ကောင်းဖို့ ရုန်းကန်နေရပြီး လက်ရှိအချိန်မှာ တပွဲလျော့အနေအထားနဲ့ အဆင့် ၁၄ နေရာကို ရောက်နေကာ ထိပ်ဆုံးက လက်စတာအသင်းနဲ့ ၈ မှတ်ကွာဟနေပါတယ်။
5 months Ago
Up