ဆိပ်ကြီးခနောင်တို

A d v e r t i s e m e n t With Us

November 24, 2020

ဆိပ်ကြီးခနောင်တိုတွင် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်က အုပ်ချုပ်ရေးမှူးကို အမှုဖွင့်

ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ လက်ရှိ တိုင်းဒေသကြီးအမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းကို သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဥပဒေနဲ့  ဆိပ်ကြီးမြို့မရဲစခန်းမှာ နိုဝင်ဘာ ၂၂ ရက်က  အမှုဖွင့်လိုက်ပါတယ်။  တိုင်ကြားရတဲ့ အကြောင်းအရင်းကတော့ နိုဝင်ဘာ ၂၁ ရက်နေ့က ဆိပ်ကြီးခနောင်တိုမြို့ အတွက် အလှူရှင်မိသားစုတစ်စုက လူနာတင်ယာဉ်ကား တစ်စီးလှူဒါန်းတဲ့ အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ရာမှာ လူ ၃၀ ဦးထက်ပိုတယ်ဆိုပြီး  အမှုဖွင့်တိုင်ကြားခဲ့တာပါ။ တိုင်ကြားသူ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက “တိုင်ကြားစာရယ်၊ ပူးတွဲပါ မှတ်တမ်းဓာတ်ပုံ တွေနဲ့ပါ စခန်းမှာ အမှုဖွင့်ခဲ့တာ။ ဒါပေမဲ့ အခုထိတော့ FIR တို့ အမှု ပ နံပါတ်တို့တော့ မထွက်သေးဘူး။ မြို့နယ်စခန်းမှူးကတော့ တောင်ပိုင်းခရိုင်ထွေအုပ်ရယ်၊ တိုင်းခရိုင် တာဝန်ရှိသူ တွေက ဒီကိစ္စနဲ့ပက်သက်ပြီး ဆွေးနွေးနေတယ်လို့တော့ အကြောင်းပြန်တယ်”လို့ ပြောပါတယ်။ တိုင်ကြားခံရမှုနဲ့ ပတ်သက်ပြီး ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန က ဦးစီးမှူး ဦးဇော်သိန်းကတော့ အခမ်းအနားကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီပဲ ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းက “လူနာတင်ယာဉ်က မြို့နယ်ကြက်ခြေနီအဖွဲ့ကို လှူတာ၊ အုပ်ချုပ်ရေးပိုင်းက ဦးစီးလုပ်ဆောင်တာ မဟုတ်ဘူး။ အခမ်းအနားကိုဖိတ်လို့ သွားတက်တာပဲ ရှိတယ်။ ကျန်းမာရေးညွှန်ကြားချက်အတိုင်း အပူတိုင်းတယ် mask တပ်တယ်။ လူစုလူဝေးနဲ့ လုပ်ခဲ့တာ မဟုတ်ဘူး”လို့ ပြောပါတယ်။ လက်ရှိ ဆိပ်ကြီးခနောင်တိုမြို့နယ် အန်အယ်လ်ဒီပါတီက တိုင်းဒေသကြီး အမှတ် ၂ ကိုယ်စားလှယ် ဦးသန်းဆွေဟာ ရွေးကောက်ပွဲမဲဆွယ်ကာလတုန်းကလည်း အန်အယ်လ်ဒီ ပါတီ ဝန်းရံသူတွေကို လူစုလူဝေးနဲ့ မဲဆွယ်အင်အားပြခဲ့တာကြောင့် အရေးယူပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၁၀ ယောက်ရှိပြီး သေဆုံးသူ ၁၀ ယောက် ရှိပါတယ်။
3 months Ago

November 6, 2020

မဲဆွယ်ကာလမကုန်ခင် နာရီပိုင်းအလိုထိ အနီ အစိမ်း အားပြိုင်ခဲ့သည့် ဆိပ်ကြီးခနောင်တိုမဲဆွယ်ပွဲ

ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့ဟာ ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးနောက်ဆုံးပြုလုပ်ရမယ့်ရက်ဖြစ်ပါတယ်။ ဒါ့ကြောင့် မဲဆွယ်ကာလ မကုန်ဆုံးခင်အချိန်မှာပဲ ရန်ကုန်တိုင်းရဲ့ ယှဉ်ပြိုင်မှု ပြင်းထန်ပြီးတဲ့ဆိပ်ကြီးခနောင်တိုမြို့မှာ အန်အယ်လ်ဒီ ပါတီထောက်ခံသူတွေနဲ့ ကြံ့ခိုင်ရေး ပါတီထောက်ခံသူတွေဟာ ရာနဲ့ချီတဲ့ လူအင်အား အလုံးအရင်းနဲ့ ညနေမိုးချုပ်ပိုင်းထိ အပြိုင်အဆိုင် မဲဆွယ်အင်အားပြခဲ့ကြပါတယ်။ ဒီနေ့မဲဆွယ်ပွဲမှာတော့ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးခင်ရီ ကိုယ်တိုင်မဲထွက်ဆွယ်ခဲ့သလို အနီ နဲ့အစိမ်း ပါတီကြီးနှစ်ခုဟာ တစ်ဖက်နဲ့ တစ်ဖက် မကြာခဏ ထိပ်တိုက်ထိတွေ့မှုတွေ ဖြစ်ခဲ့တာကြောင့် ဆိပ်ကြီးခနောင်တိုမြို့နယ်မြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေသာမက အထူးရဲတွေပါ ပူးပေါင်းပြီး လုံခြုံရေး အင်အားယူခဲ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မဲဆွယ်လှည့်လည်ရင်း ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့သလို ဒီကနေ့မှာလည်း ခိုက်ရန် ဖြစ်ပွားမှုတွေ ရှိခဲ့တယ်လို့ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။ ကြံ့ခိုင်ရေးပါတီဒုဥက္ကဋ္ဌ ဖြစ်သူ ဦးခင်ရီဟာ ဆိပ်ကြီးခနောင်တိုမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး သူ့ရဲ့အဓိက ပြိုင်ဘက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ကိုယ်စားလှယ်လောင်း ဦးတင်ထွန်းနိုင်ဖြစ်ပါတယ်။ ဦးတင်ထွန်းနိုင်ဟာ ၂၀၁၅  ရွေးကောက်ပွဲတုန်းက ဆိပ်ကြီးခနောင်တိုမြို့နယ်ကနေပဲ အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံထားရပြီး လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်။ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၆၀၀၀ ကျော် ရှိပါတယ်။
4 months Ago

ဆိပ်ကြီးခနောင်တိုတွင် အင်အားကြီးပါတီ ၂ ခု အပြိုင်အင်အားပြမဲဆွယ်  

ရန်ကုန်တိုင်းအတွင်းက ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ မဲဆန္ဒနယ်တစ်ခုဖြစ်တဲ့ ဆိပ်ကြီးခနောင်တို မြို့နယ်မှာ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းထိ မဲဆွယ်အင်အားပြနေတဲ့ ယာဉ်တန်းတွေကို ရဲလုံခြုံရေး အများအပြားနဲ့ တာဝန်ယူကာ ဆောင်ရွက်နေရပါတယ်။ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ အဓိက အင်အားကြီးပါတီတွေဖြစ်တဲ့ အန်အယ်လ်ဒီပါတီနဲ့ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေဟာ ရာနဲ့ချီတဲ့ လူအင်အား အများအပြားနဲ့ ဆိုင်ကယ်၊ ကား၊ သုံးဘီးဆိုင်ကယ်တွေနဲ့ ဆိပ်ကြီးခနောင်တို မြို့ကိုပတ်ပြီး အပြိုင်အဆိုင် မဲဆွယ် အင်အားပြ နေတာကြောင့် အခုလို မြို့နယ်ရဲတပ်ဖွဲ့ကနေ လုံခြုံရေး အင်အားယူပြီး ဆောင်ရွက်ပေးနေရတာလို့ မြို့နယ်ကော်မရှင် တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း မဲဆွယ်လှည့်လည်အင်အားပြကြရင်း တဘက်နဲ့တဘက်  ထိပ်တိုက် ထိတွေ့မှုတွေရှိခဲ့ပြီး လက်ရှိမှာဆိုလည်း ပါတီတချို့က ကော်မရှင်တိုင်ကြားထားတာ တွေလည်း ရှိနေပါတယ်။ အခုလို ကိုဗစ်ကာလအတွင်းမှာ သတ်မှတ်ထားတဲ့ လူဦးရေထက် ကျော်လွန်ပြီး လူအုပ်စု တွေနဲ့ မဲဆွယ်လှည့်လည်နေတာတွေနဲ့ ပက်သက်ပြီး အများပြည်သူကြားမှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ရန်ကုန်တစ်ဖက်ကမ်းမှာရှိတဲ့ ဆိပ်ကြီးခနောင်တိုမြို့မှာ ကြံ့ခိုင်းရေးပါတီဒုဥက္ကဋ္ဌ ဖြစ်သူ ဦးခင်ရီ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အန်အယ်လ်ဒီကတော့ ကိုယ်စားလှယ်လောင်းအသစ်တွေနဲ့ ယှဉ်ပြိုင်မှာဖြစ်တာကြောင့် စောင့်ကြည့်ရမဲ့မဲဆန္ဒနယ်တစ်ခုပါ။ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၆၀၀၀ ကျော် ရှိပါတယ်။
4 months Ago
Up