ဆိပ်ကမ်းမြို့နယ်

May 22, 2019

ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်ပြီး အခြားမြို့နယ်များတွင် ထည့်သွင်းရန် စီစဉ်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်ပြီး နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ တခြားမြို့နယ်တွေအတွင်းမှာ ထည့်သွင်းသွားဖို့ စီစဉ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဆိပ်ကမ်းမြို့နယ်ထဲက ဗိုလ်အောင်ကျော်လမ်းကနေ ဗိုလ်တထောင်ဘုရားအထိကိုတော့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ဗိုလ်တထောင်မြို့နယ်ထဲမှာ ထည့်သွင်းသွားဖို့ စီစဉ်နေပြီး ကျန်ရှိနေတဲ့ အပိုင်းတွေကိုတော့ ကျောက်တံတားနဲ့ လသာမြို့နယ်အတွင်းမှာ ထည့်သွင်းသွားဖို့ စီစဉ်နေတယ်လို့ ဗိုလ်တထောင် မဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါ်မေစိုးက ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ စည်ပင်ရွေးကောက်ပွဲ ရလဒ်တွေအရ ဆိပ်ကမ်းမြို့နယ်မှာ လက်ရှိအာဏာရ အန်အယ်လ်ဒီပါတီထက် ကြံ့ခိုင်ရေးပါတီက ပိုမို အားပေးထောက်ခံမှု ရပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ အနိုင်ရရှိထားတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။ ဒီအချက်တွေအရ လူဦးရေနည်းပါးတဲ့ ဆိပ်ကမ်းမြို့နယ်ကို တခြားမြို့နယ်တွေအတွင်းမှာ ထည့်သွင်းဖို့ စီစဉ်တာ ဖြစ်နိုင်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တချို့က သုံးသပ်ပြောပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေကတော့ အစိုးရအနေနဲ့ တရားဝင် သတင်းထုတ်ပြန်တာ မလုပ်သေးတဲ့အတွက် မှတ်ချက်ပေးလိုခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
3 years Ago

November 3, 2018

ဆိပ်ကမ်းမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း အနိုင်ရ

ဒီကနေ့ ကျင်းပပြီးစီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က ခိုင်လုံမဲ အများစုနဲ့ အနိုင်ရသွားပါတယ်။ ဆိပ်ကမ်းမြို့နယ်မှာ  အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ဒေါ်ခင်မာလာ၊ တသီးပုဂ္ဂလ ဦးခင်လှိုင်၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီက ဦးဇီဝ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးနေမျိုးအောင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးမောင်လှကျော်၊ ပြည်သူ့ အလုပ်သမားပါတီက ဦးရန်နောင်စိုးမြင့်၊ အမျိုးသားတိုးတက်ရေးပါတီက ဦးသက်ထွန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးသန်းထိုက်အောင်နဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ် ဒီမိုကရေစီပါတီက ဒေါ်အယ်လ်ဘောက်ဆိုင်တို့ ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဆိပ်ကမ်းမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက်  မဲရုံ ၂ ရုံသာ ဖွင့်လှစ်ကျင်းပတာ ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၄၃၄ ယောက်ရှိတဲ့အထဲက လူပေါင်း ၉၁၁ ယောက် ဆန္ဒမဲ လာရောက်ပေးခဲ့ကြပါတယ်။ ဆိပ်ကမ်းမဲဆန္ဒနယ် မိသားစုရပ်ကွက် မဲရုံအမှတ် (၁) မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်   ဦးနေမျိုးအောင်က ခိုင်လုံမဲ ၂၂၆ မဲ၊ အန်အယ်လ်ဒီပါတီကိုယ်စားလှယ် ဦးသန်းထိုက်အောင်က ၁၇၁ မဲ ရရှိခဲ့ပါတယ်။ ဆိပ်ကမ်းမဲဆန္ဒနယ် ရဲရိပ်သာ မဲရုံအမှတ် ၂ မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်   ဦးနေမျိုးအောင်က အန်အယ်လ်ဒီပါတီကိုယ်စားလှယ် ဦးသန်းထိုက်အောင်ထက်ကို ခိုင်လုံမဲ ၂၀၀ လောက် အသာရရှိနေပါတယ်။ ကြိုတင်မဲကတော့ မဲရုံအမှတ် (၁) မှာ စုစုပေါင်း ၂၁ မဲရှိတဲ့အနက် ဦးနေမျိုးအောင်က ၁၅ မဲ၊ ဦးသန်းထိုက်အောင်က ၅ မဲနဲ့ ဒေါ်ခင်မာလာက ၁ မဲ ရရှိပါတယ်။  ရဲရိပ်သာရပ်ကွက် မဲရုံအမှတ် (၂) မှာတော့ ကြိုတင်မဲ ၁၂ မဲရှိရာမှာ ဦးနေမျိုးအောင်က ၇ မဲ နဲ့ ဦးသန်းထိုက်အောင် ၅ မဲ ရရှိပါတယ်။ ဆိပ်ကမ်းမြို့နယ်မှာ  နိုင်ငံရေးပါတီ ၈ ပါတီက ကိုယ်စားလှယ်လောင်း ၈ ယောက်၊ တသီး ပုဂ္ဂလကိုယ်စားလောင်း ၁ ယောက်၊ စုစုပေါင်း ၉ ယောက် ဝင်ပြိုင်တာ ဖြစ်ပြီး လစ်လပ် ၁၃ နေရာထဲမှာ မဲဆန္ဒရှင်အနည်းဆုံးနဲ့ ကိုယ်စားလှယ်လောင်း အများဆုံးဝင်ရောက်ယှဉ်ပြိုင်တဲ့ နေရာဖြစ်ပါတယ်။
3 years Ago

ဆိပ်ကမ်းမြို့နယ် မဲရုံပိတ်သိမ်းပြီ၊ မဲစတင်ရေတွက်

ကြားဖြတ်ရွေးကောက်ပွဲကျင်းပနေတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၄၃၄ ယောက်ရှိတဲ့အထဲက လူပေါင်း ၉၁၁ ယောက်မဲပေးခဲ့ပြီး နောက် ညနေ  ၄ နာရီမှာ မဲရုံပိတ်လိုက်ပြီဖြစ်ပြီး မဲစတင်ရေနေပြီဖြစ်ပါတယ်။ ဆိပ်ကမ်းမြို့နယ်ထဲက ရပ်ကွက်၂ ခုမှာ မဲရုံ ၂ ရုံဖွင့်လှစ်ထားပြီး ရဲရိပ်သာရပ်ကွက်မဲရုံမှာ ၇၄၆ ယောက်၊  မိသားစုရပ်ကွက် မဲရုံမှာ ၆၈၈ ယောက် ရှိပါတယ်။ မိသားစုရပ်ကွက်မဲရုံမှာ ကြိုတင်မဲ ၉ မဲရှိပြီး ရဲရိပ်သာမဲရုံမှာ ကြိုတင်မဲ ၁၂ မဲရှိပါတယ်။ ဆိပ်ကမ်းမြို့နယ်မှာ  နိုင်ငံရေးပါတီ ၈ ပါတီက ကိုယ်စားလှယ်လောင်း ၈ ယောက်၊ တသီး ပုဂ္ဂလကိုယ်စားလောင်း ၁ ယောက်၊ စုစုပေါင်း ၉ ယောက် ဝင်ပြိုင်တာ ဖြစ်ပြီး  ပြည်နယ်တိုင်း ၉ ခုမှာ ကျင်းပတဲ့ မဲဆန္ဒနယ် ၁၃ နေရာမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အနည်းဆုံးနဲ့ ကိုယ်စားလှယ်လောင်း အများဆုံးဝင်ရောက်ယှဉ်ပြိုင်တဲ့ နေရာဖြစ်ပါတယ်။ အခုကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း စုစုပေါင်း ၇ ယောက် ဝင်ပြိုင်တာဖြစ်ပြီး ဆိပ်ကမ်းမြို့နယ်မှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၂ ယောက် ပါဝင်ပါတယ်။ ဆိပ်ကမ်း ၂ မဲဆန္ဒနယ်ဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၅၅၂ ယောက်၊ မဲပေးသူ ၉၆၃ ယောက်နဲ့ မဲပေးမှုရာခိုင်နှုန်း ၆၂.၀၅ ရှိခဲ့ပြီး မဲရလဒ်အနေနဲ့ အန်အယ်လ်ဒီ ပါတီက ၅၄၈မဲ ၊ ကြံ့ခိုင်ရေးပါက ၄၀၄ မဲနဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းက အနိုင်ရရှိခဲ့ပါတယ်။
3 years Ago

ဆိပ်ကမ်းမြို့နယ် မဲရုံ ၂ တွင် မဲလာပေးသူတဦးကို မေးမြန်းချက်

တာမွေနဲ့ ဆိပ်ကမ်း နှစ်မြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွေအတွက် မဲပေးနေကြတာဖြစ်ပြီး တာမွေမှာ သမ္မတဦးဝင်းမြင့်ကိုယ်တိုင် မဲပေးမှာ ဖြစ်ပါတယ်။ ဆိပ်ကမ်းမြို့နယ်မှာ မနက်အစောပိုင်းကတည်းက မဲပေးမယ့်သူတွေက မဲပေးဖို့ တန်းစီနေကြတာဖြစ်ပြိး မဲလာပေးတဲ့ အမျိုးသမီးတဦးကို ဒီဗွီဘီသတင်းထောက် အာကာက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ အခုကြားဖြတ်ရွေးကောက်ပွဲကို အစ်မ စိတ်ထဲမှာ ဘယ်လိုရှိလဲ။ ဖြေ။ ဒါလည်း သူ့နေရာနဲ့သူ အရေးကြီးတာပဲ။ ဒီဟာ ဟိုဒင်းဖြစ်မှ ၂၀၂၀ ကျရင် ကိုယ်လိုချင်တဲ့အရာတွေ ပြည့်စုံမှာလေ။ အဲလိုမျိုး ခံယူချက်ထားတာပေါ့နော်။ မေး။ အခု မဲပေးလိုက်တဲ့ ကိုယ်စားလှယ်အပေါ်မှာရော ဘယ်လောက် ယုံကြည် မျှော်လင့်လဲ။ ဖြေ။ ကိုယ်ကတော့ ယုံကြည်ပါတယ်။ ကိုယ်တွေအတွက် မဖြစ်ရင်တောင်မှ လာမယ့် ကလေးလေးတွေ အတွက်၊ အနာဂတ်အတွက် မျှော်လင့်တယ်။ မေး။ အခု မဲပေးရတာကရော ၂၀၁၅ နဲ့ ဘာကွာခြားလဲ။ အခုမဲပေးရတာ လွတ်လပ်လား။ ဖြေ။ ၂၀၁၅ တုန်းကတော့ မှတ်ပုံတင်တွေ ဘာတွေ မယူရဘူးပေါ့။ အခုကတော့ မှတ်ပုံတင်ယူရတယ်။ မေး။ အစ်မ အခု ဘယ်သူ့ကို မဲပေးလိုက်တယ်ဆိုတာတော့ ပြောစရာ မလိုပါဘူးခင်ဗျ …. ဖြေ။ ဒါကလည်း ပြောပြလို့လည်း မရဘူးလေ … မေး။ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်အပေါ်မှာ ပါတီကို ကြည့်ခဲ့လား။ ကိုယ်စားလှယ်ကို ကြည့်ခဲ့လား။ ဘာကိုကြည့်ပြီး မဲပေးခဲ့လဲ ခင်ဗျ။ ဖြေ။ အရင်က ဖြစ်ခဲ့တာတွေရော။ လက်ရှိ ဖြစ်နေတဲ့အရာတွေရော အားလုံး ချင့်ချိန်ပြီး ပေးခဲ့တာပဲ။ ကောင်းမယ်ထင်လို့ ပေးခဲ့လိုက်ပြီပေါ့။  
3 years Ago
Up