ဆားလင်းကြီး

A d v e r t i s e m e n t With Us

December 31, 2020

ဆားလင်းကြီးမြို့နယ်ရှိ ရွှေလှေကျေးရွာကို ​ Stay at Home သတ်မှတ် 

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်​တောင်းကျေးရွာအုပ်စုရှိ ​ရွှေ​လှေ​ကျေးရွာမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေများလာတာကြောင့်   Stay at Home ​နေထိုင်ဖို့ ဒီဇင်ဘာ ၃၀ ရက်​နေ့က သတ်မှတ်လိုက်တာပါ။ Stay at Home ကာလက​တော့ ဒီဇင်ဘာ ၃၀ ရက်​ကနေ ဇန်နဝါရီ ၁၂ ရက်​နေ့ထိ မြို့နယ်ကျန်းမာ​ရေးဌာနက သတ်မှတ်ထားတာပါ။ ရွှေ​လှေ​ကျေးရွာမှာ ​​ဒီဇင်ဘာ ၂၉ ရက် တရက်တည်းတင် ​ပိုး​တွေ့သူ ၇ ​ယောက်​တွေ့ရှိခဲ့သလို  ဒီဇင်ဘာ ၃၁ ရက် ဒီနေ့မှာ ပိုး​တွေ့လူနာ ၈ ယောက် ထပ်တိုးလာတာကြောင့် စုစုပေါင်း ပိုး​တွေ့သူ ၂၁ ယောက်အထိ ရှိလာနေပြီဖြစ်ပါတယ်။ ​ရွှေ​လှေ​ကျေးရွာ​နေ မညိုလင်းက " ကွာရန်တင်း ဝင်ထားရတဲ့သူဦး​ရေ ၇၀ ​ကျော်ရှိတယ်။ မိသားစုလိုက် ကွာရန်တင်းဝင်ရ​တော့ စား​သောက်​ရေးအခက်အခဲရှိသလို စပါးရိတ်သိမ်းချိန်လည်း​ ရောက်​တော့တောင်သူ​တွေနဲ့ လက်လုပ်လက်စား​တွေပါ အဆင်မ​ပြေဖြစ်​နေတယ်"လို့ ​ပြောပါတယ်။ ​​ရွှေ​လှေ​ကျေးရွာမှာ အိမ်​ထောင်စုပေါင်း  ၃၄၈ စု ရှိပြီး လူဦး​ရေ ၁၄၀၀ ​ကျော်ရှိကာ ဆန်နဲ့ဆီ​တော့ ​ထောက်ပံ့​ပေးဖို့ ​​ဆောင်ရွက်​နေတယ်လို့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်​ရေးမှူး ဦးဆန်းမြင့်က ပြောပါတယ်။ ဆားလင်းကြီးမြို့နယ်မှာ Stay at Home သတ်မှတ်ထားတဲ့​ကျေးရွာ ၂ ရွာရှိပြီး ​တော​ကျောင်း​ကျေးရွာနဲ့​ ရွှေ​လှေ​ကျေးရွာတို့ဖြစ်ပါတယ်။  တစ်မြို့နယ်လုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း  ၄၅ ​ယောက်ရှိပြီး ​ဆေးရုံဆင်းခွင့်ရသူ ၂၂ ​ယောက်ရှိတယ်လို့ သိရပါတယ်။
2 months Ago

July 26, 2020

ဆားလင်းကြီးတွင် ကျပ်သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ငွေကျပ်သိန်း ၇၇၀၀ တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးအလွဲသုံးမှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၅ ရက်မနက်အစောပိုင်းက ကြေးစင်တောင်ရဲကင်းစခန်းက တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာသွားကားလမ်းမှာ လှည့်ကင်းလှည့်နေတုန်း ဆီဆိုင်မှာ ဆီဖြည့်နေတဲ့ ကားစီးကို မသင်္ကာလို့ စစ်ဆေးဖို့ သွားရာမှာ မောင်းနှင်ထွက်ပြေးသွားပါတယ်။ ဒါကြောင့် လိုက်လံတားဆီးရာ ဆားလင်းကြီးမြို့နယ်၊ ဝါးတန်းရွာထဲမှာ စစ်ကိုင်းတိုင်း တမူးမြို့မှာနေသူ ခိုင်ပူ မောင်းနှင်ပြီး ထန်ငိုက်ဆွမ်ခုပ်(ခ) ဘဲဥ(ခ)ခုပ်ပီး လိုက်ပါလာတဲ့  PRADO အမျိုးအစား မော်တော်ယာဉ် ရပ်တန့်ထားတာကို တွေ့ခဲ့ပါတယ်။ အဲဒီကားပေါ်ကနေ ရောင်စုံဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့  ဘိန်းဖြူအလေးချိန် ၇.၇ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၇၇၀၀) ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။ သူတို့နားမှာပဲ မန္တလေး အောင်မြေသာစံမြို့နယ်နေ ငရုတ်သီး(ခ)ထွန်းမြတ်သူ မောင်းနှင်ပြီး အောင်ကိုလတ်(ခ)ခေါင်းပြား၊ ကျော်သက်လှိုင်(ခ)မှုံကြီး၊ ထန်တင်းလွယ်(ခ)အားလွယ်တို့ စီးနင်းလိုက်ပါလာတဲ့ WISH အမျိုးအစား မော်တော်ယာဉ်ကို တွေ့လို့ စစ်ဆေးရာမှာတော့ သူတို့ အကျိုးတူ ပူးပေါင်းသယ်လာတာလို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ ကွင်းဆက်ဖော်ထုတ်ချက်အရ သူတို့နဲ့အတူ အကျိုးတူပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ တမူးမြို့နေ မန်ဆွန်းလျန်(ခ)ဇောမ်းလျန်၊ တမူးမြို့၊ ထန်လျန်တွောင်နဲ့ ကပ်ပီး(ခ)ကပ်တောင်၊ ကလေးမြို့နေ ကမ်ခတ်ပေါင်(ခ)နောင်ပီးတို့ကိုလည်း ချောင်းဂွပူးပေါင်းစစ်ဆေးရေးစခန်းမှာ LAND CRUISER အမျိုးအစားမော်တော်ယာဉ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆားလင်းကြီးမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - CCDAC Myanmar
8 months Ago
Up