ဆာဟာရဒေသ

September 16, 2021

ဆာဟာရဒေသက အိုင်အဲ့စ်ခေါင်းဆောင်ကို သတ်ပြီးဟု ပြင်သစ်သမ္မတပြော

ပြင်သစ်စစ်တပ်ဟာ ဆာဟာရဒေသထဲက အိုင်အက်စ်ခေါင်းဆောင် အဒ်နန်အဘူဝါလစ်ဒ်အယ်လ် ဆာရာဝီကို သတ်ဖြတ်ခဲ့ပြီးပြီလို့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက စက်တင်ဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။

ဒါဟာ ဆာဟာရဒေသ အကြမ်းဖက်အုပ်စုတွေကို တိုက်တဲ့ စစ်ပွဲအတွင်း အကြီးစား အောင်မြင်မှု နောက်တခုပဲလို့ မက်ခွန်းက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။

စစ်ဆင်ရေးလုပ်ခဲ့တဲ့ နေရာကိုတော့ သူက မပြောခဲ့ပါဘူး။ ဆာရာဝီဟာ အနောက်အာဖရိကရဲ့ ဆာဟာရဒေသအတွင်း အိုင်အဲ့စ်တွေရဲ့ သမိုင်းဝင် ခေါင်းဆောင်တယောက်ပါ။

သူ့အုပ်စုဟာ ၂၀၁၇ တုန်းက အမေရိကန် စစ်သည်တွေကို သေကျေပျက်စီးတဲ့အထိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ဖူးတယ်လို့ ပြင်သစ်သမ္မတရုံးက ပြောပါတယ်။

၂၀၂၀ သြဂုတ်မှာတော့ ဆာရာဝီဟာ ပြင်သစ်ပရဟိတ လုပ်သား ၆ ယောက်နဲ့ သူတို့ရဲ့ နိုင်ဂျီးရီးယား ကားမောင်းသူကို သတ်ဖို့ ကိုယ်တိုင် အမိန့်ပေးခဲ့ပါတယ်။

ပြင်သစ်ဟာ ဆာဟာရ ဒေသအတွင်း ပြင်သစ်စစ်တပ်ကို ပုံစံသစ် ပြောင်းမယ် စစ်တပ်ကို အလွန်ဆုံး တဝက်ပဲ ဆက်ထားတော့မယ်လို့လည်း မက်ခွန်းက ဇူလိုင်လမှာ ပြောခဲ့ဖူးပါတယ်။ ပြင်သစ်စစ်တပ်ဟာ ဆာဟာရ ဒေသ အစ္စလာမစ်စစ်သွေးကြွတွေကို တိုက်ပွဲအတွင်း ရှေ့တန်းမှာ နေရာယူထားပါတယ်။

2 years Ago
Up