ဆာဖာရီသားရိုင်းဥယျာဉ်

August 7, 2021

ချီလီနိုင်ငံက ဆာဖာရီသားရိုင်းဥယျာဉ်ဝန်ထမ်း အမျိုးသမီး ၁ ဦး ကျားကိုက် သေဆုံး

ချီလီနိုင်ငံက ဆာဖာရီသားရိုင်းဥယျာဉ်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးငယ် တစ်ယောက်ဟာ ကျား တစ်ကောင်ရဲ့ တိုက်ခိုက်တာ ခံခဲ့ရအပြီး ဩဂုတ် ၆ ရက်မှာ သေဆုံးခဲ့တယ်လို့ ရဲက ပြောပါတယ်။

မြို့တော် စန်တီယာဂိုရဲ့ တောင်ဘက် မိုင် ၆၀အကွာ ရန်ကာဂွါမြို့ထဲက ဆာဖာရီ ဥယျာဉ်မှာ သေဆုံး အမျိုးသမီးဟာ ကျားစားကျက်အတွင်း သန့်ရှင်းရေးနဲ့ ထိန်းသိမ်းပြုပြင်ရေး လုပ်နေတဲ့ ဝန်ထမ်းတွေထဲက တစ်ယောက်ဖြစ်ပြီး သူဘယ်သူဘယ်ဝါဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

အမျိုးသမီးဟာ ကျားကိုက်ခံရတဲ့ လည်ပင်းက ဒဏ်ရာကြောင့် သေဆုံးတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဆာဖာရီဥယျာဉ်မှာ ဧည့်သည်တွေက သံလှောင်အိမ် ကားနဲ့ လည်ပတ်နေချိန်မှာ သားရိုင်း တိရစ္ဆာန်တွေက သဘာဝအတိုင်း လှုပ်ရှား သွားလာနေပြီး ဝန်ထမ်းတွေ သန့်ရှင်းရေး လုပ်ချိန်မှာတော့ သားရိုင်းတွေကို လှောင်အိမ်ထဲ ထည့်ထားလေ့ ရှိပါတယ်။

အမျိုးသမီးဟာ လှောင်အိမ်တံခါး ပွင့်နေတာကို မသိလိုက်လို့ ကျားက တိုက်ခိုက်တာကို ချက်ချင်းခံရပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံရဲတပ်ဖွဲ့ အရာရှိ တစ်ယောက်က ပြောပါတယ်။

ရဲတွေက လူသေမှုကို စုံစမ်းစစ်ဆေးနေလို့ ဆာဖာရီ ဥယျာဉ်ကို ပိတ်ထားပြီးပါပြီ။ ဖြစ်ခဲ့တာ အတွက် စုံစမ်းစစ်ဆေးမယ်လို့ ဒေသန္တရ ပြည်သူ့ရှေ့နေရုံးက ပြောပါတယ်။ ကျားရဲ့ အခြေအနေကို မသိရသေးသလို ဆာဖာရီဥယျာဉ်ကလည်း မှတ်ချက် တောင်းတာကို မတုံ့ပြန် ပါဘူး။ 

4 months Ago
Up