ဆာဒီယိုမာနေ

A d v e r t i s e m e n t With Us

January 9, 2020

အာဖရိက တနှစ်တာအကောင်းဆုံးကစားသမားဆုကို လီဗာပူးတိုက်စစ်မှူး မာနေး ဆွတ်ခူး

အာဖရိကဘောလုံးအဖွဲ့ချုပ် (Caf) ရဲ့ တနှစ်တာ အကောင်းဆုံးကစားသမားဆုကို လီဗာပူးတိုက်စစ်မှူး ဆာဒီယိုမာနေးက ဆွတ်ခူးရရှိခဲ့ပါတယ်။  မာနေးဟာ ဒီဆုကို လီဗာပူးအသင်းဖော် မိုဟာမက်ဆာလက်၊ မန်စီတီးအသင်းရဲ့ အယ်လ်ဂျီးရီးယားတိုက်စစ်မှူး ရီယဒ်မာရက်ဇ်တို့ကို ဖြတ်ကျော်ရရှိသွားခဲ့တာပါ။  အသက် ၂၇ နှစ်အရွယ်မာနေးဟာ ပြီးခဲ့တဲ့ရာသီ လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ဖို့ အဓိကနေရာကနေ ကူညီပေးခဲ့တဲ့ ကစားသမားတဦးဖြစ်ပြီး တရာသီအတွင်း အသင်းအတွက် ဂိုး ၃၀ သွင်းယူပေးခဲ့ကာ အခုရာသီမှာပြီး ၁၅ ဂိုးအထိ သွင်းယူထားနိုင်သူဖြစ်ပါတယ်။  “ကျနော် ဒီဆုရတဲ့အတွက် အရမ်းကိုဝမ်းသာဂုဏ်ယူမိပါတယ်။ ဘောလုံးအားကစားဟာ ကျနော့်ရဲ့အလုပ်ဖြစ်ပြီး ကျနော်ဒါကို မြတ်နိုးပါတယ်။ ပြီးတော့ ကျနော့်ရဲ့မိသားစု၊ နိုင်ငံအသင်းနဲ့ အသင်းဝန်ထမ်းတွေ၊ ဘောလုံးအဖွဲ့ချုပ်အပြင် လီဗာပူးအသင်းတို့ကိုလည်း ကျေးဇူး တင်တယ်လို့ပြောချင်ပါတယ်။ ဒီနေ့ဟာ ကျနော့်အတွက် တကယ့်နေ့ထူးနေ့မြတ်ပါပဲ” လို့ ဆု လက်ခံယူပြီးတဲ့နောက်မှာ မာနေးကပြောဆိုခဲ့ပါတယ်။  မာနေးဟာ အီဂျစ်နိုင်ငံမှာ လုပ်ခဲ့တဲ့ အခမ်းအနားကို တက်ရောက်ဆုယူခဲ့တာဖြစ်ပြီး ဆာလက်နဲ့ မာရက်ဇ်တို့ကတော့ ဒီအခမ်းအနားကို တက်ရောက်ခဲ့ခြင်းမရှိပါဘူး။  မာနေးဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ဒီဆုအတွက် ထိပ်ဆုံးဇကာတင်သုံးဦးစာရင်းမှာ ပါဝင်နိုင်ခဲ့ပေမယ့် ဆုနဲ့လွဲချော်ခဲ့ရသူဖြစ်ပါတယ်။  မာနေးရဲ့စံပြကစားသမားတွေထဲက တဦးဖြစ်တဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း ဒီအော့ဖ်ဟာ ဒီဆုကို ၂၀၀၂ ခုနှစ်မှာဆွတ်ခူးနိုင်ခဲ့ပြီး သူ့စံပြကစားသမားခြေရာကို နင်းနိုင်ဖို့အတွက် မာနေးဟာ ဒီဆုကို ကာလရှည်ပစ်မှတ်ထားခဲ့သူလည်းဖြစ်ပါတယ်။  ပြီးခဲ့တဲ့နှစ်အတွက် အကောင်းဆုံးသွင်းဂိုးဆုကို အာဖရိက ဖလားပြိုင်ပွဲမှာ နိုင်ဂျီးရီးယားအသင်းကို သွင်းယူခဲ့တဲ့ မာရက်ဇ်ရဲ့ ဖရီးကစ်ဂိုးက ရရှိသွားခဲ့ပါတယ်။  အာဖရိက အကောင်းဆုံးအသင်းမှာလည်း မာနေး၊ မာရက်ဇ်နဲ့ ဆာလက်အပြင် ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ လီဗာပူးခံစစ်မှူး ဂျိုဝယ်မာတစ်၊ တော့တင်ဟမ်ညာနောက်ခံလူ ဆာ့ဂျ် အော်ရီယာနဲ့ အာဆင်နယ်အသင်း တိုက်စစ်မှူး ပီယာရီအမ်းမရစ်၊ အူဘာမီယန်းတို့ပါဝင်ခဲ့ပါတယ်။  ဒီဆုပေးပွဲမှာ ဒေါ့မွန်အသင်းကို အငှားလာရောက်ကစားနေတဲ့ ရီးရဲလ်အသင်းရဲ့ အသက် ၂၁ နှစ်အရွယ်ညာနောက်ခံလူ အာရက်ဖ်ဟာကီမီက အကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အာဆီ ဆတ် အိုရှာလကတော့ အကောင်းဆုံး အမျိုးသမီးကစားသမားဆုကို ရရှိခဲ့ပါတယ်။  အာဖရိကတိုက်ရဲ့ အကောင်းဆုံးအမျိုးသားဘောလုံးအသင်းဆုကို အာဖရိကဖလားချန်ပီယံ အယ်လ်ဂျီးရီးယားအသင်းက ရရှိခဲ့ပြီး အမျိုးသမီးအသင်းဆုကိုတော့ ကင်မရွမ်းအသင်းကရရှိခဲ့ပါတယ်။  အယ်လ်ဂျီးရီးယားနည်းပြ ဒီဂျမဲလ်ဘယ်မာဒီက အကောင်းဆုံးအမျိုးသားနည်းပြဆုကို ရရှိခဲ့ပြီး တောင်အာဖရိကအမျိုးသမီး လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဒီဆီရီ အဲလစ်ကတော့ အကောင်းဆုံးအမျိုးသမီးနည်းပြဆုကို ရရှိခဲ့ပါတယ်။
1 year Ago
Up