အိန္ဒိယနိုင်ငံမြို့တော်နယူးဒေလီက ဆရာဝန်တွေဟာ အသက် ၅၆ နှစ်အရွယ် လူနာ တယောက်ဆီက အလေးချိန် ၇ ကီလိုခွဲထိရှိတဲ့ မကြုံစဖူးကြီးမားလေးလံတဲ့ ကျောက်ကပ်ကို နိုဝင်ဘာ ၂၅ရက်က ဖယ်ထုတ်ခဲ့ရပါတယ်။
ကျောက်ကပ်ထဲမှာ အရည်အိတ်တွေ အများကြီးဖြစ်တည်လာတဲ့ ရောဂါတမျိုးကြောင့် ကျောက်ကပ်ကြီးလာတဲ့ ဝေဒနာကို လူနာက ခံစားခဲ့ရတာပါ။
လူနာဟာ သူ့ကျောက်ကပ်ကြီးနေတာကို မသိခင်က နာကျင်မှုကို ညည်းတွားနေခဲ့တယ်လို့ ဆီးနဲ့ကျောက်ကပ် အကြီးတန်းအတိုင်ပင်ခံ ဆရာဝန်ကြီး ဆာချင်းကာသူရီယာက ပြောပါတယ်။
လူနာရဲ့အခြေအနေက ပိုယိုယွင်းလာနေလို့ ခွဲစိတ်ကုသဖို့ ဆာဂင်္ဂါရမ်ဆေးရုံက ဆရာဝန်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
“ကျောက်ကပ်ကြီးကို ဖယ်ထုတ်ချိန်က ဒီလောက်ကြီးမယ်မှန်း မသိခဲ့ဘူး။ ချိန်ကြည့်မှ ၇ ကီလိုခွဲ ဖြစ်နေခဲ့တယ်”လို့ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ဆရာဝန်ကြီးက ပြောပါတယ်။
တပေကျော် အရွယ်အစားရှိတဲ့ ကျောက်ကပ်ကို ၂နာရီကြာအောင် ခွဲစိတ်ဖယ်ရှားခဲ့ရ တယ်လို့ ဒေသခံမီဒီယာမှာ ဖော်ပြပါတယ်။
လူနာကတော့ ခွဲစိတ်အပြီး ဆေးရုံက ဆင်းသွားခဲ့ပြီး သတ်မှတ်အချိန်တွေမှာ ကျောက်ကပ်ထဲက ရေပိုတွေနဲ့အညစ်အကြေးတွေကို စက်နဲ့ ဖယ်ထုတ် ကုသခံယူနေတယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။
ဆေးပညာသမိုင်းအရ အမေရိကန်နိုင်ငံမှာလည်း ၉ ကီလိုရှိတဲ့ ကျောက်ကပ်တလုံးကို ဖယ်ထုတ်ခဲ့ရဖူးသလို နယ်သာလန် နိုင်ငံမှာလဲ ၈.၈၇ ကီလို အလေးချိန် ရှိတဲ့ ကျောက်ကပ်တလုံးကို ဖယ်ထုတ်ခဲ့ရဖူးပါတယ်။
3 years Ago