ဆရာ​တော်​ဦး​သောဘိတ

February 28, 2019

ဆရာ​တော်​ဦး​သောဘိတအမှု တပ်မတော်အရာရှိတဦးကို စတင်စစ်ဆေး

လူမှုကွန်ရက်ပေါ်မှာ တပ်မတော်အား သိက္ခာကျဆင်းအောင် ပုတ်ခတ်ရေးသားခဲ့တယ်ဆိုပြီး ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံခဲ့ရတဲ့ ရွှေဝါရောင် ဆရာ​တော် ​ဦး​သောဘိတအမှုနဲ့ပတ်သက်လို့ တရားလိုဖြစ်တဲ့ တပ်​မ​တော်​အရာရှိတဦးကို ဒီနေ့ စတင်​စစ်​​ဆေးပါတယ်။ ဖေဖော်​ဝါရီ ၂၈ ရက်​​နေ့မှာ အမရပူရမြို့်​နယ်​တရားရုံးက တရားလိုဖြစ်​သူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့စစ်မှ ဦးစီးအရာရှိ (ပထမတန်း) ဒုဗိုလ်မှူးကြီး မျိုးခိုင်ဝင်းကို စတင်​စစ်​​ဆေးခဲ့တာပါ။ “ကျ​နော်​အ​နေနဲ့ တခြားဘာမှ ​ပြောစရာမရှိပါဘူး။ တရားရုံးမှာ တရားဝင်​​ဖြေကြားထားတဲ့ အတွက်​ တခြား​ဖြေစရာမရှိပါဘူး” လို့  ဒုဗိုလ်မှူးကြီး မျိုးခိုင်​ဝင်းက​ ပြောပါတယ်။ ရွှေဝါ​ရောင်​ဆရာ​တော်​ ဦး​သောဘိတ (အလင်္ကာကြယ်​)က “ဦးဇင်း​ပြော​နေကြ စကား​လေး ရှိတယ်။ ဦးဇင်း​ပြောတဲ့ အ​ကြောင်း အကျိုးနဲ့​ဝေဖန်​မှုတွေကို တပ်​မ​တော်​က အ​ကြောင်းအကျိုးနဲ့ ပြန်​ရှင်းနိုင်​ဖို့လိုတယ်​၊ အဲလို အ​ကြောင်းအကျိုးနဲ့​ ဝေဖန်​ခဲ့တာကို ​တရားစွဲဆိုခဲ့တာဟာ တပ်​မ​တော်​ရဲ့ အင်​မတန်​နစ်​နာတဲ့ ဂုဏ်​သိက္ခာဖြစ်​တယ်​” လို့​ ​မိန့်​ကြားခဲ့ပါတယ်​။ အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက်က မဟာဂန္ဓာရုံကျောင်းတိုက်မှာသီတင်းသုံး​နေတဲ့ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ဟာ လူမှုကွန်ရက်စာမျက်​ပေါ်မှာ ၂၀၁၈ စက်တင်ဘာ ၉ ရက်နေ့က စေတနာတွေ မှန်ကန်ဖို့လိုပါတယ်။ ခေါင်းစဉ်နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ရဲ့ ဆေးကုသမှုနဲ့ ပတ်သက်ပြီး ရေးသားခဲ့တာပါ။ ဒါကြောင့် ရွှေဝါရောင် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို တပ်မတော်နဲ့ တပ်မတော်သားတွေအပေါ် ဂုဏ်သိက္ခာထိခိုက်သည်လို့ဆိုကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့စစ်မှ ဦးစီးအရာရှိ(ပထမတန်း) ဒုဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အမရပူရမြို့မရဲစခန်းကို တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ)နဲ့ အမှုဖွင့်ထားခဲ့ပါတယ်။
3 years Ago
Up