ဆရာကြီးဖာနီဗယ်မှ ဒေါ်အောင်ဆန်းစုကြည်သို့ 

December 11, 2016

ဆရာကြီးဖာနီဗယ်မှ ဒေါ်အောင်ဆန်းစုကြည်သို့ 

ပြီးခဲ့တဲ့အပတ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူကို သွားခဲ့ရာမှာ စင်ကာပူရောက် မြန်မာတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲအတွင်း စိတ်ဝင်စားကောင်းတဲ့ အမေးအဖြေကဏ္ဍလည်း ပါဝင်ခဲ့ပါတယ်။ အောက်ကအမေးအဖြေဟာ အဲဒီထဲက တခုပါ။ မေး။  ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းပြည်ပ မီဒီယာများရဲ့ စွပ်စွဲချက်များနဲ့ ပတ်သက်၍ တုံ့ပြန်ပြောဆို သတင်းထုတ်ပြန်မှု မရှိသလောက် ဘာလို့များ အားနည်းခဲ့ပါသလဲတဲ့။ အဆိုပါ ကိစ္စနဲ့ ပတ်သက်၍ ပြောင်းလဲမှု သို့မဟုတ် ပိုမိုကောင်းမွန်တဲ့ တုံ့ပြန်ရန် အစီအစဉ် ရှိ/မရှိ သိလိုပါသည်တဲ့။ အပြောင်းအရွှေ့ လုပ်ပေးသင့်ပါသည်တဲ့။ ဖြေ။  ။ အဲဒါ အပြောင်းအရွှေ့နဲ့ မဆိုင်ဘူး။ အပြောင်းအလဲနဲ့ဆိုင်တယ်။ ကျမတို့ရဲ့ ပြန်ကြားရေး ဌာနမှာ အားနည်းချက်တွေရှိတယ်ဆိုတာလည်း ကျမတို့ သိပါတယ်။ ဒီအားနည်းချက်တွေကိုလည်း ကျမတို့ ကိုင်တွယ်နေတာ ကြာပါပြီ။ နောက်တစ်ခါ ကျမတို့ ပြန်ကြားရေးနဲ့ ပတ်သက်လို့ရှိရင် ကျမတို့ရဲ့ ပြန်ကြားရေးဌာနတင် မကဘူး၊ တနိုင်ငံလုံးမှာ အားနည်းချက်တစ်ခုက ဘာလဲ ဆိုတော့ အခု ကျမတို့ ပြည်သူပြည်သားတွေထဲမှာ ဆိုလို့ရှိရင် အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်တဲ့ သူတွေ အင်မတန်မှ နည်းနေပါတယ်။ အဲဒီတော့ တကမ္ဘာလုံးနဲ့ တန်းတူရည်တူ ရင်ပေါင်တန်းပြီးတော့ ဒီပြန်ကြားရေးဘက်မှာ အားရှိဖို့ဆိုတာတော့ ဒီအင်္ဂလိပ် ဘာသာတော့ ကျမတို့ဟာ ကျွမ်းကျင်ဖို့ လိုပါတယ်။ ဒါကြောင့် စင်ကာပူမှာ ရောက်နေတဲ့ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်တဲ့သူတွေ အနေနဲ့ ပြန်ကြားရေးကို ကူညီသင်ကြားမယ့်သူရှိရင် ပြောကြပါလို့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေကို ကြားရတော့ လွတ်လပ်ရေးမရခင် ဗြိတိသျှကိုလိုနီခေတ်က မြန်မာပြည်မှာ လာရောက်အလုပ်လုပ်ရင်း မြန်မာပြည်ပြန်လည်ထူထောင်ရေးအတွက် အားတက်သရောပါဝင်ကူညီခဲ့သူ ဆရာကြီး ဖာနီဗယ် (John Sydenham Furnivall 1978 - 1960 ) ကို သတိရမိပါတယ်။ ဆရာကြီးဖာနီဗယ်ဟာ မြန်မာနိုင်ငံသုတေသနအသင်း နဲ့ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းတွေကို တည်ထောင်သွားတဲ့ ပညာရှင်ကြီးဖြစ်ပါတယ်။  Burma Book Club စာအုပ်ဆိုင်ကို တည်ထောင်ပြီး အင်္ဂလိပ်စာအုပ်တွေကို ဖြန့်ချိရောင်းချပေးခဲ့တယ်။  ဂန္ထလောက (World of Books) မဂ္ဂဇင်းကို အင်္ဂလိပ်လိုရော မြန်မာလိုရော ထုတ်ဝေခဲ့တယ်။ “မြေအုတ်တို့ ပြိုလေရာ ကျောက်အုတ်တို့ဖြင့် တည်ဆောက်ကြအံ့” ဆိုတာ ဆရာကြီးရဲ့  ကြွေးကြော်သံပါပဲ။ ဆရာကြီးဟာ ဒီကြွေးကြော်သံနဲ့ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းကို တည် ထောင်တယ်။ ပြည်သူ့စာကြည့်တိုက်တွေ ဖွင့်လှစ်တယ်။ အထူးသဖြင့် ခေတ်နောက်ကျ ကျန်ရစ် တဲ့ မြန်မာပြည်သူလူထုကို ခေတ်မီအသိပညာတွေရယူနိုင်ဖို့အတွက် အင်္ဂလိပ်စာအုပ်များကို မြန်မာ ဘာသာပြန်ဆိုဖို့ တိုက်တွန်းနှိုးဆော်ခဲ့တယ်။ အင်္ဂလိပ်စာတတ်မြန်မာတွေကို ဘာသာပြန် အတတ် မှာ ကျွမ်းကျင်လာအောင်၊ ဘာသာပြန်လုပ်ငန်းမှာ အာရုံစိုက်လာအောင်  ဂန္ထလောက မဂ္ဂဇင်းမှာ ဘာသာပြန်ပြိုင်ပွဲတွေ ကျင်းပပေးခဲ့တယ်။ မြန်မာစာပေလောကမှာ နာမည်ကြီးတဲ့ ဆရာကြီးသခင်ဘသောင်းဟာ ဂန္ထလောက တိုက်ထွက်ပါပဲ။ ကုလသမဂ္ဂအထွေထွေ အတွင်းရေး မှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ဟာလည်း ဂန္ထလောကဘာသာပြန်ပြိုင်ပွဲမှာ ဆုရခဲ့ သူတဦး ဖြစ်ပါတယ်။ ကိုလိုနီခေတ်နှောင်းပိုင်းမှာပေါ်ခဲ့တဲ့  မြန်မာပညာရှင်တွေ၊ စာရေးဆရာ ကဗျာဆရာတွေ၊ ခေါင်းဆောင်တွေထဲမှာ ဆရာကြီးဖာနီဗယ်ရဲ့  ကျေးဇူးနဲ့ ကင်းလွတ်သူ မရှိသလောက်ပါပဲ။ သခင် ဘသောင်း၊ ဇော်ဂျီ၊ မင်းသုဝဏ် ကစပြီး ဦးနု၊ ဦးသန့်နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့အထိ ကျေးဇူး ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကို လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ နိုင်ငံတနိုင်ငံအဖြစ် တိုးတက်ဖွံ့ ဖြိုးလာ အောင် စွမ်းဆောင်ချင်သူများဟာ ဆရာကြီးဖာနီဗယ်ရဲ့  ကြွေးကြော်သံအောက်မှာ စုရုံးခဲ့ကြတယ် လို့ ပြောနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ မြန်မာပြည်ထူထောင်ရေးအတွက် ဆရာကြီး ဖာနီဗယ်ကို အထူးအားကိုးခဲ့ပုံရပါတယ်။ မြန်မာပြည်ပြန်လည်ထူထောင်ရေးနဲ့  ဘာသာပြန်အသင်း ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအစည်းအဝေးကို ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ကျင်းပပါတယ်။ အဲဒီအချိန်က လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရ နဲ့ သဘောတူပြီးတဲ့ အချိန်ဖြစ်ပါတယ်။ လွတ်လပ်ရေးရရင် ဦးစားပေးလုပ်ရမယ့် ထူထောင်ရေး လုပ်ငန်းတွေကို ဗိုလ်ချုပ်အောင်ဆန်းက လမ်းညွှန်မိန့်ခွန်းပြောခဲ့တဲ့ အစည်းအဝေးကြီးဖြစ်ပါတယ်။ “ချက်ချင်းလက်ငင်း ဖြေရှင်းရေး ရှာကြံရမည့် ကိစ္စရပ်ကြီးရှစ်ခု” ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး လမ်းညွှန်သွားပါတယ်။ ဒီအထဲမှာ လူထုပညာရေးအတွက် အလွန်အရေးပါတဲ့ ဌာနကြီးတခု ဖွင့်လှစ်ရေးကိစ္စ လည်း ပါဝင်ခဲ့ပါတယ်။ “လူအများအတွက် အရေးတကြီးလိုအပ်သည့် စာအုပ်တွေ၊ အသုံးကျမည့် စာအုပ်တွေကို ဘာသာပြန်ပြီး ပုံနှိပ်ထုတ်ဝေဖို့ကို စိတ်ထဲမှာ စွဲထားရမည်။ ဘာသာပြန်ဌာနကြီးတခုကို ဖွင့်ရမည်”   လို့  ဗိုလ်ချုပ်အောင်ဆန်းက ထည့်သွင်းပြောကြားသွားပါတယ်။ မိန့်ခွန်းပြောကြားပြီးနောက် တလခွဲအကြာ (၁၉၄၇ ခုနှစ် ဇူလိုင် ၁၉) မှာ ဗိုလ်ချုပ်ဟာ အလုပ်ကြံခံရပါတယ်။ ဗိုလ်ချုပ်ကွယ်လွန်ပြီး တလကျော်အကြာ (သြဂုတ်  ၂၆ ) မှာ အဲဒီအချိန် ၀န်ကြီးချုပ် ဖြစ်နေတဲ့ ဦးနုက  မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီးကို ဦးစီးတည်ထောင် လိုက်ပါတယ်။ ဦးနုက အသင်းရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဦးသန့်က အကျိုးဆောင်အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့  လမ်းညွှန်မှု၊ ဦးနုရဲ့  ဦးဆောင်မှု၊ ဦးသန့်ရဲ့  စီမံခန့်ခွဲမှုနဲ့ အကောင် အထည်ပေါ်လာခဲ့တဲ့  “မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကြီး” ဟာ အရင်းစစ်လိုက်မယ်ဆိုရင်  ဆရာကြီးဖာနီဗယ်ရဲ့  ပညာပြန့်ပွားရေးအသင်းကို ပြန်လည်အသက်သွင်းခြင်းပါပဲ။ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်မှာ ဘာသာပြန်စာပေအသင်းကို စာပေဗိမာန်လို့ အမည်ပြောင်းလိုက်ပါတယ်။ စာပေဗိမာန်က လူထုလက်စွဲကျမ်းများ၊ လူထုသိပ္ပံကျမ်းများ၊ စွယ်စုံကျမ်းတွေ ပြုစုထုတ်ဝေခဲ့တယ်။ သုတေသနစာတန်းဖတ်ပွဲတွေ ကျင်းပပြီး စာပေဆုတွေ ပေးခဲ့တယ်။ စာကြည့်တိုက် သင်တန်းတွေ၊ သတင်းစာသင်တန်းတွေ ပေးခဲ့တယ်။ စာပေဗိမာန် စာကြည့်တိုက်တွေ ထူထောင်ခဲ့တယ်။ ဆရာကြီး ဖာနီဗယ်အစပြုခဲ့တဲ့ ပညာပြန့်ပွားရေးလုပ်ငန်းကို စာပေဗိမာန်က အားကြီးမာန်တက်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒါက ၁၉၆၂ ခုနှစ်အထိပါ။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်တဲ့ စစ်ဗိုလ်များက အာဏာသိမ်းလိုက်ပါတယ်။ အဲဒီနောက်မှာ မြန်မာနိုင်ငံဟာ ပျက်စီးခြင်းဘေးကြီး သင့်ရပါတော့တယ်။ လွတ်လပ်တဲ့မြန်မာနိုင်ငံ ကို ပညာ နဲ့  ထူထောင်ဖို့  စတင်စိတ်ကူးခဲ့တဲ့ ဆရာကြီး ဖာနီဗယ်ဟာ အာဏာသိမ်းအဖွဲ့ရဲ့ အမိန့်နဲ့  မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့ရတယ်။ စာပေဗိမာန်ကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ၀န်ကြီးချုပ် ဦးနု ဟာ အာဏာသိမ်းတဲ့နေ့မှာပဲ ထိန်းသိမ်းခံခဲ့ရတယ်။ စာပေဗိမာန်ကို ဦးစီးခဲ့တဲ့ ဦးသန့်ကတော့ အဲဒီအချိန်မှာ  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်နေလို့  ဘေးလွတ်ခဲ့ရတယ်။ အာဏာသိမ်းပြီးနောက် စာပေဗိမာန်အဆောက်အဦလည်း ပြည်သူပိုင် အသိမ်းခံရတယ်။ စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ကို အာဏာသိမ်းစစ်အရာရှိတွေက အပိုင်စီးလိုက်တယ်။ ၁၉၆၃ ခုနှစ် သြဂုတ် ၂၂ ရက်မှာ စာပေဗိမာန်ဟာ လွတ်လပ်တဲ့ ဌာနတခုအဖြစ်မှ စစ်အစိုးရရဲ့ လက်အောက်ခံ ဌာနတခုအဖြစ်ကို ပြောင်းလဲသွားရပါတော့တယ်။ “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဆိုတဲ့ စာပေဗိမာန်ဟာ ဆရာကြီးဖာနီဗယ်ရဲ့ “မြေအုတ်တို့ ပြိုလေရာ၊ ကျောက်အုတ်တို့ဖြင့် တည် ဆောက်အံ့” ဆိုတဲ့  စိတ်ကူးကို အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့  လက်ရှိအခြေ အနေက ထင်ရှားတဲ့ သက်သေပါပဲ။ စာပေဗိမာန်နဲ့  ပြန်ကြားရေး အဆက်အစပ် ဆရာကြီးဖာနီဗယ်တို့ခေတ်က မြန်မာနိုင်ငံဟာ ကိုလိုနီလက်အောက်ခံ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ ဆင်ခြင်သုံးသပ်မှုအရ မြန်မာနိုင်ငံဟာ အသိပညာအရာမှာ အနောက်တိုင်းကို အမီမလိုက်နိုင်ခဲ့တဲ့အတွက် ကိုလိုနီဘ၀ကို ကျရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်တဲ့ နိုင်ငံအဖြစ်ကို ပြန်လည်ရောက်ရှိချင်တယ်ဆိုရင် အသိပညာခေတ်မီဖို့လိုတယ်လို့ ဆရာကြီးက ကောက်ချက်ချပါတယ်။  ဆရာကြီးက ဆင်ခြင်သုံးသပ်ပုံက ဒီလိုပါ။ “အသိပညာခေတ်မီဖို့အတွက် အင်္ဂလိပ်စာတတ်မြောက် ကျွမ်းကျင်ဖို့ လိုတယ်၊ အင်္ဂလိပ်စာ တတ်ကျွမ်းသူတွေက အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ ခေတ်မီ ပညာရပ်တွေကို မြန်မာဘာသာ ပြန်ပေးရမယ်၊ ဘာသာမပြန်နိုင်သေးခင်မှာ အင်္ဂလိပ်ဘာသာနဲ့  ထုတ်ဝေထားတဲ့ ခေတ်မီပညာရပ် ဆိုင်ရာ စာအုပ်တွေကို ပြည်သူ့ စာကြည့်တိုက်တွေမှာ ထားပေးရမယ်။” ဆရာကြီးဖာနီဗယ်ရဲ့ စိတ်ကူးကို ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု နဲ့ ဦးသန့်တို့က အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဒီအကောင်အထည်ဟာ ဒီနေ့တော့ “စာပေဗိမာန်” အဖြစ် ကြွင်းကျန်ရစ်ပါတယ်။  စာပေဗိမာန်ဟာ ဘာသာပြန်အသင်းကနေ ပြောင်းလဲလာတာ ဖြစ်တဲ့အတွက် မူလက အင်္ဂလိပ်စာ တတ်ကျွမ်းသူ ပညာရှင်များရဲ့ အလုပ်ရုံဖြစ်ခဲ့ပေမယ့် ၁၉၆၂ ခုနှစ်ကစပြီး တဖြည်းဖြည်း ဆုတ်ယုတ်သွားခဲ့ပါတယ်။  စစ်အုပ်ချုပ်ရေးခေတ်အဆက်ဆက် ၀ါဒဖြန့်ချီရေးလုပ်ငန်းကိုသာ တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ကို ရောက်သွားခဲ့ရတာတော့ အဆိုးဆုံးကံကြမ္မာပါပဲ။ အသိပညာပြန့်ပွားရေးဌာနက ၀ါဒဖြန့်ချိရေးဌာနအောက်ကို ကျရောက်သွားရတဲ့အတွက် စာပေဗိမာန်ဟာ လွတ်လပ်တဲ့ပညာရှင်တွေအတွက် ပျော်မွေ့နိုင်တဲ့ နေရာမျိုး မဟုတ်တော့ပါဘူး။ တကယ်လို့သာ စာပေဗိမာန်ဟာ ဦးနုတို့၊ ဦးသန့်တို့ လက်ထက်ကလို အင်္ဂလိပ်စာတတ်ကျွမ်းတဲ့ ပညာရှင်များရဲ့  အလုပ်ရုံဖြစ်နေမယ်ဆိုရင် ပြန်ကြားရေးဌာနအနေနဲ့လည်း ကမ္ဘာနဲ့ ရင်ဘောင် တန်းဖို့အတွက် အခက်အခဲရှိမှာ မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် စာပေဗိမာန်ရဲ့ ဆုတ်ယုတ်မှုနဲ့ ပြန်ကြား ရေးဌာနရဲ့ အားပျော့ချက်ဟာ တဆက်တည်းစပ်နေတယ်လို့  ကောက်ချက်ချနိုင်ပါတယ်။ ချက်ချင်းလက်ငင်းဖြေရှင်းရမယ့်ကိစ္စ           ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူရောက်မြန်မာများနဲ့  တွေ့ ဆုံရာမှာ ဒီလိုပြောခဲ့ပါတယ်။ “အဲဒီတော့ တကမ္ဘာလုံးနဲ့ တန်းတူရည်တူ ရင်ပေါင်တန်းပြီးတော့ ဒီပြန်ကြားရေးဘက်မှာ အားရှိဖို့ ဆိုတာတော့ ဒီအင်္ဂလိပ်ဘာသာတော့ ကျမတို့ဟာ ကျွမ်းကျင်ဖို့ လိုပါတယ်။ ဒါကြောင့် စင်ကာပူ မှာ ရောက်နေတဲ့ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်တဲ့သူတွေအနေနဲ့  ပြန်ကြားရေးကို ကူညီ သင်ကြားမယ့်သူရှိရင် ပြောကြပါလို့” ဒီစကားကို မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် အလွန်အရေးကြီးတဲ့ လမ်းညွှန်တခုအဖြစ် ပြောသံဆိုသံ မကြားရသေးပါ။ ဒီစကားနဲ့ ဆင်ဆင်တူတဲ့စကားကို မကြာခင်ကပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်တာဗျူးတခုမှာ ထည့်ပြောသွားပါသေးတယ်။ သူမရှိတော့တဲ့ အချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကျန်သူတွေက ဦးဆောင်သွားနိုင်မလား ဆိုတဲ့ မေးခွန်းကို ဖြေစဉ်က ထည့်ပြောသွားတာပါ။ သူမရှိရင်လည်း ကျန်သူတွေ ဦးဆောင်သွားနိုင်မယ်လို့ သူယုံကြည်တဲ့အကြောင်း၊ သူ့ရဲ့ အားသာချက်က အင်္ဂလိပ်စာကျွမ်းကျင်မှုသာ ဖြစ်တဲ့အကြောင်း ပြောသွားတာပါ။  အင်္ဂလိပ်စာကျွမ်းကျင်မှု ဆိုတဲ့ အားသာချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ခေါင်းဆောင်တွေ လေးစားရတဲ့သူ တယောက်ဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့တယ် ဆိုတဲ့ အချက်ကို  စဉ်းစားမိမယ်ဆိုရင် အဲဒီအင်တာဗျူးမှာ ပေါ့ပေါ့ပါးပါး ထည့်ပြောသွားတဲ့ စကားဟာ အလွန်လေးနက်နေတာကို မြင်ရပါလိမ့်မယ်။ စင်ကာပူရောက် မြန်မာများကို ပြောတဲ့စကားနဲ့ ပေါင်းပြီး စဉ်းစားရင်တော့ ဒီကိစ္စဟာ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ “ချက်ချင်းလက်ငင်း  လုပ်ဆောင်ရမယ့် ကိစ္စကြီး ” တခုလို့  မြင်ရပါလိမ့်မယ်။ လက်ရှိကာလမှာ စာပေဗိမာန်ဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ ဖြစ်နေပါတယ်။ ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနဟာ အရင်အစိုးရလက်ထက်လို ၀ါဒဖြန့်ချိရေးသက်သက် လုပ်မှာ မဟုတ်ဘဲ အသိပညာပြန့်ပွားရေးကိုလည်း လုပ်မယ်လို့ မျှော်လင့်ရပါတယ်။ ပြန်/ဆက် စာကြည့်တိုက်တွေကို ပြည်သူ့စာကြည့်တိုက်များအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားနေတဲ့အတွက် ဒီလိုမျှော်လင့်ချက်တွေ ပေါ်လာရတာပါ။ ဒါကြောင့် စာပေဗိမာန်ကိုလည်း အင်္ဂလိပ်စာတတ်ကျွမ်းတဲ့ ပညာရှင်များရဲ့ အလုပ်ရုံဖြစ်အောင် ပြန်လည်ပြောင်းလဲဖို့ မျှော်လင့်ရပါတယ်။ စာပေဗိမာန်ကနေ ဘာသာ ပြန်ပညာရှင်တွေ ပြန်ပြီးပျိုးထောင်မယ်၊ နိုင်ငံတကာ အသိပညာ တွေကို မြန်မာလို တွင်တွင်ကျယ် ကျယ်ပြန်ဆိုမယ်၊ မြန်မာစာပေကို ကမ္ဘာသိအောင်လုပ်မယ်လို့  တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းခဲ့တဲ့ ဆရာကြီးဦးသော်ကောင်းက ၂၀၁၄ ခုနှစ်မှာ ပြောခဲ့ပါတယ်။ အဲဒီအချိန်က အခွင့်မသာခဲ့ပါဘူး။ ယခုအချိန်ဟာ တကယ့်အချိန် အခါကောင်းလို့  ပြောရပါလိမ့်မယ်။ လုပ်ဖို့လည်း အရေးတကြီးလိုအပ်နေပါတယ်။ ယခုအချိန်ဟာ စာပေဗိမာန်ကို အင်္ဂလိပ်စာတတ်ကျွမ်းတဲ့ ပညာရှင်များနဲ့  ပြန်လည်ဖွဲ့ စည်းဖို့  လိုအပ်နေသလားဆိုတာ ဆွေးနွေးရတော့မယ့် အချိန်မဟုတ်ပါ။ ဒီနေ့ လုပ်မလား ဒါမှမဟုတ် နက်ဖြန်လုပ်မလား ဆိုတာကို အရေးတကြီးဆုံးဖြတ်ရမယ့် အချိန်သာ ဖြစ်ပါတယ်။ မောင်သာမည
5 years Ago
Up