ဆရာကြီး

March 23, 2019

၁၄၃ နှစ်မြောက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း မွေးနေ့နှင့်ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပ

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက် မွေးနေ့ အခမ်းအနား နဲ့ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေ ငြိမ်းချမ်းရေးစကားဝိုင်းကို ရွှေတိဂုံတောင်ဘက်မုခ် ဆရာကြီးဂူဗိမာန်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို မှိုင်းရာပြည့်အရေးအခင်းလှုပ်ရှားခဲ့သူတွေ၊ အလုပ်သမားအရေး၊ လယ်သမားအရေးလှုပ်ရှားသူတွေ စစ်အဏာရှင်ဆန့်ကျင်ရေးနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ အုပ်စုတွေ၊ နိုင်ငံရေးပါတီတွေ၊ လူအင်အား ၃၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ ဆရာကြီးကို နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုသားလွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကြောင့် အမျိုးသားစာဆိုတော်ကြီး၊ ငြိမ်းချမ်းရေးဗိသုကာကြီးအဖြစ် မြန်မာပြည်သူ တွေက လေးစား မြတ်နိုးဂုဏ်ပြုတာ ဖြစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို မြန်မာသက္ကရာဇ် ၁၂၃၇ ခု၊ တပေါင်း လပြည့်ကျော် ၄ ရက်၊ ကြာသာပတေးနေ့မှာ အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့က ပြည်ခရိုင်၊ ရွှေတောင်မြို့နုယ်၊ ၀ါးလည်ရွာမှာ မွေးဖွားခဲ့ပါတယ်။ ဆရာကြီးဟာ အသက် ၈၉ နှစ်အရွယ် ၁၉၆၄၊ ဇူလိုင် ၂၃ ရက်နေ့က ရန်ကုန်မြို့စမ်းချောင်း နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။
3 years Ago

March 4, 2017

ဘဝနဲ့ရင်းပြီး ရိုးရာအမွေအနှစ် မြန်မာ့သိုင်းကို ပြန့်ပွားအောင်လုပ်နေတဲ့ ဆရာကြီး (ရုပ်သံ)

“သိုင်းရဲ့အခြေခံသဘောတရားက လက်က အရင်စတယ်။ ခြေချိုး၊ လက်ချိုး၊ ခါးချိုး၊ ခေါင်းချိုး၊ မျက်စိကြည့်တာ၊ နားထောင်တာက စပြီး ပုံစံချတဲ့အခါကျတော့ လက်သိုင်းပေါ့။ နောက်ပြီးတော့  ဓား ၁ လက်သိုင်း၊ ၂ လက်သိုင်း၊ တုတ်သိုင်း၊ တုတ်သိုင်းနဲ့ လှံသိုင်း သူက တဆက်တည်းသွားတယ်။” အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ သိုင်းဆရာကြီး ဦးထွန်းလွင်တယောက် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်ရဲ့ မီးရထားပိုင် ဒီနေရာလေးမှာ သိုင်းသင်တန်းပေးနေတာ ၂၇ နှစ်ကျော် ကြာခဲ့ပါပြီ။ သူဟာ မြန်မာ့ရိုးရာသိုင်းတွေထဲက တခုဖြစ်တဲ့ မြန်မာ့လက်စွဲ အောင်ဇေယျ သိုင်းအဖွဲ့ချုပ်ရဲ့ နည်းပြချုပ်တယောက်ပါ။ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အိုးသည်ကုန်းမြို့မှာ သူ့ကို မွေးဖွားခဲ့ပါတယ်။ သူ့အသက် ၁၁ နှစ်လောက်က လွတ်လပ်ရေးပြိုင်ပွဲမှာ ဓားရေးပြခဲ့တဲ့ ကစားသမား တယောက်ကို ကြည့်မိပြီး ဒီပညာကို သူ သဘောကျနေခဲ့ပါတယ်။ “လွတ်လပ်ရေးပြိုင်ပွဲမှာ တူရိယာမျိုးစုံ၊ ကိုယ်တတ်တဲ့ပညာ ဘက်ပေါင်းစုံကနေ လာပြီးတော့ ပြိုင်ပွဲခေါ်တဲ့အခါကျတော့ လာကစားတဲ့ သိုင်းပညာရှင်တယောက် တွေ့ခဲ့ဖူးတယ်။ အဲဒီမှာ ဓားတလက် ကစားတာပေါ့။ သျှောင်နဲ့ ထိုးကွင်းနဲ့ အင်္ကျီ ချည်ထည်ချွတ်၊ ပုဆိုးခါးတောင်းကျိုက်ပြီး ကစားသွားတဲ့ ဓားသမားတယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကို မျက်စိထဲမှာ အဲဒီအချိန်မှာ အရမ်းလေးစားတယ်၊ ကြည်ညိုတယ်။ အဲလို တွေ့ခဲ့ဖူးတဲ့အခါကျတော့ သိုင်းမဟုတ်ပေမယ့် မျက်စိထဲမှာ စွဲနေတယ်။” သူ့အသက် ၂၁ နှစ်မှာတော့ ရှမ်းတရုတ်ဆရာကြီး ဦးဘသန်းဆီကနေ ဒီသိုင်းပညာရပ်ကို သင်ယူခဲ့ပါတယ်။ “၁၀ တန်းရောက်တော့ အဘတို့ စာမေးပွဲရှုံးတာပေါ့နော်။ အဖေ၊ အမေကလည်း ဆင်းရဲတော့ ဆက်မတက်နိုင်တော့ အလုပ်ထဲဝင်။ ဝန်ထမ်းအဖြစ်နဲ့ တာဝန်ချလိုက်တဲ့ အခါကျတော့ အဘ အင်းစိန်ကို ရောက်လာတယ်။ ဒီအင်းစိန်မြို့နယ်မှာပဲ သိုင်းအဖွဲ့တွေက တော်တော်များများ လှုပ်ရှားနေတယ်။ ရတနာပုံသိုင်းအဖွဲ့တို့၊ သိုင်းမဟာတို့၊ မြန်မာ့လက်ရုံးတို့၊ သုဝဏ္ဏသိုင်းအဖွဲ့တို့၊ မြတ်စောညီနောင်တို့၊ သိုင်းအဖွဲ့တွေ အများကြီးပေါ့။ မြန်မာ့လက်စွဲအောင်ဇေယျမှာ တက်တဲ့ သူငယ်ချင်းတယောက်က စကားစပ်မိရင်း ပြောရင်းဆိုရင်းနဲ့ ပိန္နဲကုန်း ၃ လမ်း ဆရာကြီး ဦးဘသန်း။ သူ့ရဲ့သိုင်းသင်တန်းကို လိုက်လေ့လာပြီး ဓားသိုင်းကို တွေ့လိုက်တဲ့အခါကျတော့ အဘက ငယ်ငယ်တုန်းက တွေ့ခဲ့တဲ့ ဆရာရဲ့ ပုံပန်းသဏ္ဌာန်ကို အရမ်းကြိုက်တဲ့အခါကျတော့ အဲဒီလို တော်ချင်လာတယ်။ တော်ချင်လာတဲ့ အခါကျတော့ မသင်လို့မဖြစ်ဘူး။” သူ့ဆရာကြီး ဦးဘသန်း တည်ထောင်ခဲ့တဲ့ ဒီ မြန်မာ့လက်စွဲ အောင်ဇေယျသိုင်းအဖွဲ့ရဲ့ သိုင်းကွက်တွေဟာ သိုင်းပညာရပ်တခုတည်းပေါ်မှာ အခြေခံထားတာ မဟုတ်ပါဘူး။ ရိုးရာသိုင်းပညာတွေဖြစ်တဲ့ ရှမ်းကြီးသိုင်းနဲ့ ရှမ်းတရုတ်သိုင်း ဒီပညာရပ်နှစ်ခုကို ပေါင်းစပ်ထားတာပါ။ “သူ့အဖေက ရှမ်းကြီးသိုင်းပညာရှင်။ သူက ရွှေဘိုသား။ အဲဒီမှာ သူ့အဖေက သင်ပေးတယ်။ ဒါပေမယ့် သူက ရှမ်းသိုင်းကို သိပ်မကြိုက်ဘူး။ မိုးနှဲမြို့ စော်ဘွားကြီးရဲ့ လက်ရုံး ဆရာကြီးဦးပါးတဲ့၊ သူက ကြားတဲ့အခါကျတော့ ဘုန်းကြီးတပါးရယ်၊ အဘတို့ ဆရာရယ် အဲဒီမှာသွားပြီတော့ စုံစမ်းပြီးတော့ သိုင်းသွားသင်တယ်။ နောက်ပိတ်ဆုံး အဲဒီမှာ တနှစ်ကျော်ကျော်လောက် သင်ပြီးတော့မှ အဘတို့သိုင်းကို ရှမ်းကြီးသိုင်းနဲ့ ရှမ်းတရုတ်သိုင်းနဲ့ ဆရာကြီးက  ပူးတွဲပြီးတော့ သင်။ နောက်တခါ ဒီကြားထဲမှာ သူတို့ သိုင်းပြောင်းပြန် ဆရာကြီးဦးမောင်လေးနဲ့ လက်တွဲပြီးတော့လည်း သင်တန်းမှာ သင်ခဲ့ဖူးတယ်။ အဲဒီမှာ နောက် ကိုယ့်အဖွဲ့နဲ့ကိုယ် မြန်မာ့လက်စွဲအောင်ဇေယျဆိုပြီး အမာခံတည်ထောင်ပြီး မြန်မာနိုင်ငံ မြန်မာ့လက်စွဲအောင်ဇေယျ ရှမ်းတရုတ်ဆရာကြီး ဦးဘသန်း ပြောင်းပြန်ဆိုပြီး ပေါ်လာတာပေါ့။” ဒီလို ရိုးရာသိုင်းပညာရပ်ကို သင်ကြားပေးတဲ့ ဆရာကြီးရဲ့ လက်ရုံးတယောက် ဖြစ်လာဖို့ သူ ၁၀ နှစ်လောက် ဆရာကြီးဆီမှာ လက်ပွန်းတတီး သင်ခဲ့ပါတယ်။ ဒီလို သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်လည်း ဆရာကြီးက သူ့အသက် ၃၀ မှာ မြန်မာ့လက်စွဲ အောင်ဇေယျ သိုင်းအဖွဲ့ချုပ်ရဲ့ ကိုယ်စားပြု နည်းပြဆရာအဖြစ် ၁၉၆၆ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ကို ပို့ဆောင်ခဲ့ပါတယ်။ “ပြည်သူ့လုံခြုံရေးဆိုပြီး သင်တန်းပို့ချခိုင်းတယ်။ အစိုးရစီမံချက် အားကစားဝန်ကြီးပေါ့။ ဗိုလ်တထောင်မြို့နယ်ကို ပထမဆုံး ကျတာပေါ့။ အဲဒီမှာ လူ ၂၀၀ ပေါ့။ နောက် အဲဒီကနေပြီးတော့ မြောက်ဥက္ကလာပရယ်၊ မင်္ဂလာဒုံရယ် ရပ်ကွက်လုံခြုံရေးတွေကို တခါ ပို့တယ်။ နောက် ကမာရွတ်၊ လှိုင်၊ အင်းစိန်ရယ်။ ပြေးဆင်း ပြေးတက် ရင်တောင်ဆို့တယ်။ ကြွက်သားတွေလည်း ပင်ပန်းတယ်။ ချွေးဆိုရင် ဒီဘောင်းဘီအနားကို အောက်ကို တောက်တောက် တောက်တောက် အဘသွားတဲ့လမ်းကြောင်း အားလုံး ချွေးမရှိတဲ့နေရာ မရှိဘူး။ အဲဒီလိုမျိုး လူ ၂၀၀ ကို တယောက်တည်း ကိုင်ပြီးတော့ သင်ပြီးတော့ စေတနာအပြည့်နဲ့ သင်ခဲ့တာ။” “အဲဒီမှာ သူက တနေ့ကို သုံးကျပ်။ ဒါ စားစရိတ် သောက်စရိတ်ပေါ့။ ခရီးစရိတ်ပေါ့။ အဲဒီလိုမျိုး သူပေးတယ်။ ဆိုတော့ သူပေးတဲ့ဟာနဲ့က သူများအိမ် ရေထမ်းရောင်းရင်တောင် အဲဒီစိတ်မျိုး၊ အဲဒီခွန်အားမျိုး ထပြီးလုပ်ရင် အဲဒီ့ ၃ ကျပ် ဘယ်ကမလဲ။ ၃၀၀ လောက်တော့၊ ၄၀၀ လောက်တော့ ဖြစ်ချင်ဖြစ်သွားမှာ ၅၀၀ လောက် ဖြစ်သွားမှာ။ ဒါပေမယ့် အဲဒီမှာ သုံးလိုက်တဲ့ ၃ ကျပ်က အဘကုန်သွားတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာရဲ့ တန်ကြေးကို ဘယ်လိုမှ ယှဉ်လို့မရနိုင်ဘူး။” တဘက်မှာလည်း သားတယောက်၊ သမီးတယောက်ရှိတဲ့ သူ့ရဲ့မိသားစု စားဝတ်နေရေးအတွက် မီးရထားဝန်ထမ်းအလုပ်ကိုလုပ်ရင်း ဘဝကို မောင်းနှင်ခဲ့ပါတယ်။ “မီးရထားဝန်ထမ်းက ရတဲ့လစာနဲ့ အဘ မိသားစုရပ်တည်ရေး လုပ်ရတာပေါ့။ နောက် ဒီဥစ္စာနဲ့ အဆင်မပြေတဲ့အခါကျတော့ ဝန်ထမ်းအိမ်ရှေ့မှာ ကွမ်းယာဆိုင်လေး ဘာလေးလုပ်။ နောက်ကျတော့ အအေးလေး ဘာလေးရောင်း။ မုန့်ဟင်းခါးလေး ဘာလေးရောင်း။ အဲတော့ အဲဒီမှာလည်း ကိုယ်လည်း ဖိဖိစီးစီး မကူညီနိုင်ဘူး။ လုပ်ငန်းခွင်ကျတော့လည်း On Duty နဲ့ အမြဲတမ်းသွားနေတာ။ နောက် ဟိုမှာကျတော့လည်း ဘာတပြားမှ မရဆိုတော့။ အဘရဲ့ ငယ်ဘဝက ခွန်အားရော၊ စိတ်ပိုင်းဆိုင်ရာရောက ဝါသနာကြောင့် ရချင်ရ မရချင်လည်းနေ ရေသောက်နေရလည်း ပျော်နေတာ။” ဒီလိုနဲ့ ၁၉၈၉ မှာ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်က ပေးလာတဲ့ မြို့နယ် သိုင်းဆပ်ကော်မတီ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ရင်း သူ့ဘဝကို သူ့ဝါသနာထဲမှာ  နှစ်မြုပ်ထားခဲ့ပါတယ်။ “အင်းစိန်မြို့နယ်မှာ တံခွန်စိုက်တွေ ယူပေးတယ်။ ပထမ၊ ဒုတိယ၊ တတိယဆုတွေ ယူပေးတယ်။ ရန်ကုန်တိုင်းအတွင်း မြို့နယ်ပေါင်းစုံ ၁၄ မြို့နယ်ပြိုင်ပွဲ အဲဒီမှာ အမှတ်ပေးဒိုင်တို့၊ ဒိုင်ချုပ်တို့ နောက်တခါ တိုင်းနဲ့ပြည်နယ်ဒိုင်ချုပ် အမှတ်ပေးဒိုင် လုပ်ခဲ့တယ်။ အမျိုးသားအားကစားပွဲတော့ ၉၂ ထဲက ၉၆ အထိ ၂ နှစ်ခြား ၃ နှစ်၊ အဲဒီပြိုင်ပွဲတွေမှာ အကြီးအကျယ် ဒုက္ခခံခဲ့ရဆုံးနေရာတွေပဲ။ တနေကုန် စပီကာနဲ့ နေပူကျဲတဲကြီးမှာ အော်နေတာ လူပေါင်း ထောင်ချီပြီး ကလေးတွေ။ အဲဒီကလေးတွေကို သင်တန်းအခေါ်အဆို သက် ၉ သက်၊ မောင်း ၉ မောင်းလို့ခေါ်တဲ့ ကစားနည်းကို တပြေးညီဖြစ်အောင် သင်ပေးရတယ်။ အဲဒီလောက် နိုင်ငံကနေ ဦးဆောင်လုပ်တဲ့ အလုပ်တောင် အဘတို့မှာ ခံစားခွင့်မရှိဘူး။” သိုင်းပညာနဲ့ပတ်သက်ပြီး သူ ဒီလိုတွေ ရင်းခဲ့ရပေမယ့် ဘဝရှေ့ရေး ခိုင်မာမှု မရှိတာကြောင့် သူ့ရဲ့မျိုးဆက်ဖြစ်တဲ့ သားကိုတောင် သိုင်းပညာအမွေမပေးဖို့ သူ ဆုံးဖြတ်ခဲ့ပါတယ်။ “အဘလည်း ငယ်ငယ်တုန်းက ခွန်အားနဲ့ စိတ်ပိုင်းဆိုင်ရာတွေ အဲဒီမှာ ကုန်သွားတယ်။ အသက်ကြီးတဲ့အချိန်လည်းကျရော အဘ ဆင်းရဲနေပြီ။ သိုင်းကို ယုံကြည်တယ် လက်ခံတယ်။ အဘ အဖွဲ့အစည်းတွေကို လုံးဝ မယုံကြည်ဘူး။ လူတွေကို ခိုင်းစားနေတဲ့သဘောပဲ။ အဘမှာ အသက်အရွယ်ငယ်တယ်၊ ခန္ဓာကိုယ်ခွန်အား လုပ်နိုင်သလို လုပ်နိုင်တဲ့ ငယ်ရွယ်တဲ့ အခြေအနေ အသက်တွေ၊ ခန္ဓာကိုယ်တွေကို လုပ်နိုင်နေတဲ့ အချိန်တုန်းမှာ ခိုင်းစားသွားတာ။ အိုသွားတဲ့အခါကျတော့ သွားတော့ ဘေးမဲ့ပေးလိုက်တဲ့ နွားကြီးလိုပဲ။ ဆိုတော့ ကိုယ်သားသမီးကျတော့ အဲဒီလို မပို့ချင်တော့ဘူး။ သိုင်းကို မုန်းလို့ မဟုတ်ဘူး။ သိုင်းကိုချစ်ရက်နဲ့ အဘတို့က စွန့်ပစ်ရတဲ့ ပုံစံကို ပြောပြတာ။ သူများတော့ မပြောတတ်ဘူး အဘတို့တော့ နည်းနည်း ရင်နာတယ်။” အခုတော့ သူဟာ မီးရထားဝန်ထမ်း လက်ထောက်ကြီးကြပ်ရေးမှူးအဖြစ်နဲ့ ရတဲ့ ပင်စင်လစာလေးနဲ့ ဘယ်သူမဆို သင်နိုင်အောင် သင်တန်းသား ၁ ဦးကို ၁ သောင်းသာ ယူတဲ့ သိုင်းသင်တန်းကြေးနဲ့ စားဝတ်နေရေးကို ဖြေရှင်းရင်း သူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေကို သွားနေပါတော့တယ်။ “လူရော၊ သိုင်းပညာရောပေါ့။ လူလည်း နေဝင်ချိန်ရောက်လာပြီ။ လူနေဝင်ချိန် ရောက်လာတော့ သိုင်းလည်း နေဝင်ဖို့ သိပ်မလိုတော့ဘူး။ လူနေဝင်ရင် သိုင်းလည်း နေဝင်ပြီပေါ့။” မြန်မာ့ရိုးရာသိုင်းလို့ ပြောလိုက်တာနဲ့ လူသိများတဲ့ သိုင်းပညာရပ်တခုကတော့ သိုင်းပြောင်းပြန်ပါ။ “သိုင်းပြောင်းပြန်ကတော့ ရှမ်းသိုင်းပညာပေါ့။ ရှမ်းစော်ဘွားရဲ့ သက်တော်စောင့်လို့ ပြောတဲ့ ဆရာချယ်ကနေပြီးတော့ ဆရာကြီးဦးသောမနဲ့ ဦးလုံနဲ့ သူတို့သုံးယောက်ကို ပညာမျိုးစေ့ ဖြန့်တာပေါ့။ အဲဒီ ၃ ယောက်ကလည်း ရှမ်းလူမျိုးပဲ။ ဆရာကြီးဦးမောင်လေး ပြောချက်အရဆိုရင် ဆရာချယ်က သူတို့နန်းတွင်းမှာဆိုလို့ရှိရင် ဒီပညာကို မသင်ပေးဘူး။ ဒါပေမယ့် နီးစပ်ရာပေါ့။ တကယ်လို့ သင်ပေးခဲ့ရင်လည်း သူက တတ်ကျွမ်းသွားလို့ရှိရင် သတ်ပစ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆရာစော်ဘွားကို လုပ်ကြံမှာစိုးလို့ ဒီ သူ့စော်ဘွားကနေ သူ့ကို လိုလေသေးမရှိ ထားပေမယ့်လို့ သူက အနေကျဉ်းကျပ်တဲ့အခါကျတော့ ထွက်ပြေးလာရင်းနဲ့ အဘိုးတို့ရွာကို ရောက်ရင်းနဲ့ ဒီပညာ မျိုးဆက်ချတာပေါ့။ အဲဒီတော့ ဆရာချယ်က ဘာပြောလဲဆိုတော့ မင်းတို့ ၃ ယောက်ရဲ့ ဗိုက်ထဲက အူကို ငါ ဆွဲထုတ်ပြီး သတ်လို့ရတယ်ပေါ့။ ဒါပေမယ့် မင်းတို့က ဟော်နန်းနဲ့လည်း ဝေးတယ်။ ငါလည်း မင်းတို့နဲ့ သုံးနှစ်သုံးမိုး နေလာတဲ့အတွက်ကြောင့် သံယောဇဉ်လည်း ရှိတယ်။ ဒါ့ကြောင့် မင်းတို့ကို ငါ မသတ်ဘူးဆိုပြီးတော့ ဒီပညာကို ပေးခဲ့တယ်။" သူဟာ သိုင်းဆရာကြီး ပြောင်းပြန်မောင်လေးရဲ့ လက်ရင်းတပည့် ဦးသိန်းအေးပါ။ ဒီသိုင်းပညာရပ်ကို သူ့ပညာရေး အဆုံးရှုံးခံပြီး သင်ယူခဲ့တာပါ။ “တက္ကသိုလ်တက်တဲ့အခါကျတော့ ရန်ကုန်ဝိဇ္ဖာသိပ္ပံတက္ကသိုလ်မှာ ကျောင်းလခက ၁၅ ကျပ်ပဲရှိတယ်။ အဲဒီ ၁၅ ကျပ်ကို သိုင်းသင်လိုက်တဲ့အခါကျတော့ ကျောင်းက ဖီးကြေးတွေ မသွင်းနိုင်ဘူး။ အဲဒီမှာ တက္ကသိုလ်မှာ ၄ နှစ်နဲ့ သူများတွေ ဘွဲ့ရတဲ့အခါမှာ ငါကတော့ ၆ နှစ်လောက် ကြာသွားတယ်။ ဒါပေမယ့် BSc Maths ဘွဲ့တော့မရဘူ။ ဒါပေမယ့် သိုင်းဆရာဆိုတဲ့ဘွဲ့တော့ ရခဲ့တယ်။ ဘဝက ရင်းခဲ့ရတာပေါ့။” သူ ဒီလို အရင်းပြုပြီး ကြိုးစားအားထုတ်ခဲ့တာကြောင့် သူ့ဆရာကြီးမဆုံးခင်ကပဲ ဒီသိုင်းပညာရပ်နဲ့ ဆရာကြီးကို အလုပ်အကျွေး ပြုနိုင်ခဲ့ပါတယ်။ “စည်ပင်သာယာမှာ လုပ်တယ်။ အဘိုး ၁၉၈၅ ခုနှစ်မှာ ဆုံးတယ်။ အတူနေတာ ၄ နှစ်ရှိတယ်။ သိုင်းသင်ကျွေးတယ်။” ဒီလိုနဲ့ သူဟာ စည်ပင်သာယာက အလုပ်ထွက်ခဲ့ပြီး သိုင်းလောကထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။ အခုတော့ ဒီသိုင်းပညာပြန့်ပွားရေးနဲ့ သူ့နဲ့ သူ့သမီးလေးဘဝ ရပ်တည်ရေးအတွက် သူ နေ့စဉ်ဆိုသလို ပရဟိတသင်တန်းတွေနဲ့ ကိုယ်ပိုင်သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ “ပရဟိတများနေလို့ရှိရင် တခါတလေကျရင် အဆင်မပြေဘူး။ ကိုယ်ပိုင်သင်တန်းကလည်း သင်တန်းသားက ပုံမှန်မလာဘူးဆိုလို့ရှိရင် တခါတလေ တလလုံးကို ငါးယောက်၊ ခြောက်ယောက်ပဲ လာတယ်ဆိုလို့ရှိရင် ပိုက်ဆံ ၅ သောင်း၊ ၆ သောင်းလောက်ပဲ။ တယောက် လစဉ်ကြေး ၁ သောင်းကိုး။ ၅ ယောက်လာမှ ၅သောင်း။ ၁၀ ယောက်လာမှ ၁ သိန်းကိုး။ အဲဒီလို တခါတလေကျ အဆင်မပြေတဲ့အခါ တောသွားပြီး သိုင်းသင်ရတယ်။ ဟိုတလောကဆို လက်ပံကြိုးသွား သိုင်းသင်ရတယ်။ ဟိုမှာကျတော့ ပင်ပန်းတယ်။ ဒါပေမယ့် ဟိုမှာက စရိတ်ငြိမ်းလေ။ နောက်တစ်ခါ သီးသန့်ဝိုင်းတွေ သင်ရတယ်။ အဲဒီက ရတာလေးတွေက ပရဟိတအတွက် ပြန်သင်နိုင်တယ်။” တကယ်တော့ ဒီနေ့ခေတ် ရိုးရာသိုင်းပညာတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားသိုင်းပညာ လွှမ်းမိုးခံရမှုတွေနဲ့ တိုင်းပြည်ရဲ့ပံ့ပိုးမှု အားနည်းတာတွေကြားမှာ ရိုးရာသိုင်းအချို့ဟာ တိမ်ကောပျောက်ကွယ်သွားရတာတွေ ရှိခဲ့ပါတယ်။ “အခုဟာကတော့  တချို့ရိုးရာသိုင်းတွေမှာတော့ တချို့ ဝမ်းနည်းစရာ ကောင်းတာတွေက ဥပမာ လိုင်းချင်းဆိုပါတော့၊ အရင်တုန်းက ဒီလှည်းတန်းအောက်မှာ ခိုင်ရွှေဝါ ဒီဘက်မှာ ဆိုင်းဘုတ်အကြီးကြီးရှိတယ်။ အခု သူတို့ရဲ့ ဂိုဏ်းချုပ်ကြီး ဆရာကြီးဦးစန်းအောင် သေသွားတဲ့အခါကျတော့ အဲဒီ လိုင်းချင်းဆိုင်းဘုတ်ကြီးလည်း မရှိတော့ဘူး။ လိုင်းချင်းသိုင်းလည်း ကွယ်ပျေက်သွားပြီ။ ထိုနည်းတူပဲ အဲဒီ ပွဲကျောင်း ဆိုရင်လည်း အရင်တုန်းက ရွှေဂုံတိုင် တိုင်တရာမှာ သူတို့က ပွဲကျောင်း ဆိုင်းဘုတ်ကြီးနဲ့ သူတို့ သေသွားတဲ့အခါကျတော့ ခုန ပျောက်သွားတယ်။ နောက်တခါ လှည်းတန်းမှာ ရုပ်ရှင် ဓားဘုရင်ရိုက်တဲ့ ဦးထွန်းသာတို့ ဘာတို့ ဆိုလို့ရှိရင်လည်း လူငယ်တံခွန် ဆိုပြီးတော့ သိုင်းသင်တာ။ ဒါပေမယ့်လည်း သူတို့ သေဆုံးသွားတဲ့အခါ သူတို့ သိုင်းသင်တန်းကျောင်းတွေ ပျောက်သွားတယ်။” ဒါ့ကြောင့်လည်း သူဟာ တိုင်းပြည်မှာရှိနေတဲ့ ကျန်ရှိနေသေးတဲ့ ရိုးရာသိုင်းပညာတွေကို မပျောက်ပျက်စေရေးအတွက် သိုင်းပညာမျိုးဆက်တွေ များများပေါ်ထွန်းစေချင်နေခဲ့ပါတယ်။ “မြန်မာ့သိုင်းဆိုတာ ရှမ်းကြီးလည်း ပါတယ်။ ရှမ်းတလုတ်လည်း ပါတယ်။ သိုင်းပြောင်းပြန်လည်း ပါတယ်။ သိုင်းတွေ အများကြီးပေါ့။ အခု ကမ္ဘာ့ရဲ့မာရှယ်အပ်တွေပေါ့။ ဥပမာ ကရာတေးတို့၊ တိုက်ကွမ်ဒိုတို့၊ ကွန်ဖူးတို့ အဲဒီဟာတွေနဲ့ အရည်အချင်းနိမ့်လား။ နိမ့်လို့ မကစားဘူးဆိုရင် ဒီပညာကို မလေ့လာဘူးဆိုလို့ရှိရင် လက်ခံတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဟိုဟာကလည်း ကောင်းတယ်။ ကိုယ့်သိုင်းပညာကလည်း ဟိုဟာထက် မညံ့ဘူးဆိုရင် တကယ်ဆိုလို့ရှိရင် ကိုယ့်ရိုးရာပညာကို အားပေးရမယ်။ အခုဟာက မဟုတ်ဘူး။ တိုင်းတပါးသားကို အထင်ကြီးပြီးတော့ အနောက်တိုင်းပညာကို ကိုယ့်ပညာကလည်း ကောင်းရဲ့သားရဲ့ ဟိုပညာကို အားပေးတဲ့ အသိတရားရစေချင်တဲ့  ဆောင်ပုဒ်လေးလည်း ဖြစ်တယ်။ မြန်မာတိုင်း မြန်မာသိုင်း တတ်ရမယ်။ သဘောက မြန်မာ့သိုင်းတိုင်းက မညံ့ဘူး။ မင်းတို့ ကစားဖို့ သင့်တယ်လို့ ရည်ညွှန်းတဲ့ သဘောလေ။” ဒါတွေကြောင့်ပဲ ရိုးရာသိုင်းဆရာတွေဟာ ရိုးရာအမွေအနှစ်ဖြစ်တဲ့ မြန်မာ့သိုင်းတွေကို သူတို့ဘဝတွေနဲ့ရင်းပြီး ဒီပညာရပ်တွေ ပြန့်ပွားအောင် အနာဂတ်ဆီကို သယ်ဆောင်နေပါတော့တယ်။ အေးမိစံ
5 years Ago
Up