ဆရာ၊ဆရာမများ

November 12, 2020

ဆရာ၊ဆရာမများအပေါ် USDPက စွပ်စွဲမှုနှင့်ပတ်သက်၍ ကော်မရှင်ထံ တိုင်ကြားမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲရုံတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ ဆရာမ တွေကို စွပ်စွဲထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး တောင်းပန်လိုက်ပေမယ့် ခွင့်မလွှတ်နိုင်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားသွားမယ်လို့ ဆရာသမဂ္ဂအဖွဲ့အစည်းတွေက ပြောပါတယ်။ နိုဝင်ဘာလ ၈  ရက်နေ့က နိုင်ငံတဝန်းကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲရုံမှူးတွေ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ ဆရာ ဆရာမတွေဟာ NLD ပါတီ ထောက်ခံသူတွေ ဖြစ်ပြီး ကြားနေ ဆရာ ဆရာမများ မဖြစ်တာကို တွေ့ရတယ်လို့ ကြံ့ခိုင်ရေးပါတီက စွပ်စွဲထုတ်ပြန်ခဲ့တဲ့ အပေါ် ဆရာ သမဂ္ဂတွေ အပါအဝင် ဆရာ ဆရာမ ထုတစ်ရပ်လုံးက ကန့်ကွက်ရှုတ်ချလိုက်တာပါ။ ကွန်ပျူတာရိုက်သူရဲ့မှားယွင်းမှုကြောင့် ဆရာ ဆရာမတွေကို  အခုလို ပြောဆိုခဲ့မှုအပေါ် တောင်းပန်တယ်လို့ ကြံ့ခိုင်ရေးပါတီကနေ နောက်ပိုင်းမှာ ထုတ်ပြန်ချက် ပြန်ထုတ်ခဲ့ပေမယ့်  တောင်းပန်ပုံတောင်းပန် နည်းမမှန်သလို ကွန်ပျူစာရိုက်သူကိုသာ  အပြစ်ပုံချသလို ဖြစ်နေတဲ့အတွက် ခွင့်မလွှတ်နိုင်ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ်က အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။  နိုင်ငံတော်အစိုးရရဲ့ တာဝန်ပေးအပ်မှုကြောင့်  ရွေးကောက်ပွဲတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ ဆရာမတွေဟာ ဘက်လိုက်မှု ကင်းပြီးတော့ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်နေတဲ့ သူတွေဖြစ်တဲ့အတွက် ကြံ့ခိုင်ရေး ပါတီကနေ ဆရာ ဆရာမတွေကို စွပ်စွဲပြောဆိုတာဟာ ဆရာ ဆရာမတွေရဲ့ ရိုးသားမှုနဲ့ ဂုဏ်သိက္ခာကို မတရားသဖြင့် ထိပါး စော်ကားတာဖြစ်တယ်လို့ ဆရာ သမဂ္ဂတွေက ပြောပါတယ်။  ဒါကြောင့် ဆရာ ဆရာမ ထုအပေါ် တရားမဲ့ စွပ်စွဲပြောဆိုတဲ့ ကြံ့ခိုင်ရေး ပါတီတာဝန်ရှိသူတွေကို ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူဆောင်ရွက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားသွားမယ်လို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်မှုဆောင် ကော်မတီ ဦးမင်းမင်းထွဋ်က ပြောပါတယ်။  ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဆရာ ဆရာမတွေ အပေါ် စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ် ၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်မှုဆောင် ကော်မတီ အပါအဝင် တက္ကသိုလ် ဒီဂရီကောလိပ်တွေ က ဆရာသမဂ္ဂအဖွဲ့တွေကလည်း ကန့်ကွက်ရှုချကြောင်း သဘောထားကြေညာချက်တွေ  ထုတ်ပြန်ထားပါတယ်။ 
5 months Ago

May 15, 2020

ကျောင်းပိတ်ထားချိန် ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်ရန် ဆရာ၊ဆရာမများကို ကာချုပ်တိုက်တွန်း

COVID-19 ရောဂါကူးစက်မှုအခြေအနေမှာ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ အခက်အခဲရှိပါက ဆရာဆရာမတွေအနေနဲ့  ယဉ်ကျေးလိမ္မာသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းလိုက်ပါတယ်။ မေလ ၁၄ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ မြို့မိ၊ မြို့ဖတွေ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာလို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။  “ပုံမှန်အားဖြင့်ဆိုပါက ဇွန်လတွင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရမည်ဖြစ်သော်လည်း (COVID-19) ရောဂါကူးစက်မှုအခြေအနေများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြန် လည်ဖွင့်လှစ်ရန် အခက်အခဲများရှိနိုင်မည်ဆိုပါက ဒေသတွင်းဆရာ၊ ဆရာမများဖြင့်  အကျိုးရှိစေမည့် ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ တက္ကသိုလ်မှ ဆရာ၊ ဆရာမတွေအနေနဲ့လည်း ကျောင်းပိတ်ထားပေမယ့် ကျောင်းသား၊ ကျောင်းသူတွေ စိတ်ဝင်စားတဲ့ ဘာသာရပ်အလိုက် တစ်ဦးချင်း သို့မဟုတ် ငါးဦး၊ ဆယ်ဦး ထက်မပိုတဲ့ နှုန်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင်ကျောင်းပိတ်တဲ့ ကာလကြာရှည်လို့ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်တွေအနေနဲ့ အချိန်ကို အလဟဿ မကုန်ဆုံးရအောင် စာပေလေ့လာစေဖို့နဲ့ ယခင်နှစ်က သင်ကြားခဲ့တဲ့ သင်ခန်းစာတွေ ပြန်လည်လေ့လာစေဖို့ မိဘတွေက တိုက်တွန်းကြစေလိုတယ်လို့ လည်းပြောပါတယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်ပါက သက်ဆိုင်ရာတိုင်းမှူးနဲ့ တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြော ကြားစေလိုပြီး တပ်မတော်က တတ်အားသရွေ့ကူညီဆောင်ရွက်ပေးမယ်လို့လည်း တပ်မတော် အကြီးအကဲက ကတိပေးပြောသွားပါတယ်။ ၂၀၂၀-၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းတွေကို လာမယ့် ဇူလိုင်လအတွင်း စတင်ဖွင့်လှစ်မယ်လို့  အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဒီဗွီဘီကို ပြောထားပါတယ်။
11 months Ago
Up