ဆရာဝန်

November 4, 2018

ဆရာဝန်မရှိသည့် အဖျောက်တိုက်နယ် စံပြဆေးရုံ

တိုက်ကြီးမြို့နယ်ထဲက အဖျောက်မြို့ အဖျောက်တိုက်နယ်စံပြဆေးရုံမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာဝန်မရှိတော့တာ ၁ လကျော်ပြီဖြစ်တာကြောင့် ဆေးရုံတက် ကုသနေရတဲ့သူတွေ အခက်ခဲဖြစ်ပေါ်နေပါတယ်။ အဖျောက်မြို့အရေးပေါ် အသက်ကယ်ဆယ်ရေး ပရဟိတအဖွဲ့မှ တာဝန်ခံ ကိုနေလင်းက "အရင်က ဒီဆေးရုံကနေ တခြားဆေးရုံကို လွှဲတာ၊ ၁ လမှ ၂၀ေ ကျာ်လောက်သွားပို့ရတာ။ အခုလထဲမှာ ၄၀ ကျော်သွားပြီ။ များသောအာဖြင့် မွေးလူနာများတယ်။ တချို့ မွေးလူနာဆို ပိုက်ဆံမရှိလို့ မြို့ပေါ်က စေတာနာရှင်တွေစုပြီး ထောက်ပံ့ရတယ်။ ဒီမှာ ဆရာဝန်ရှိတယ်ဆို ပြည်သူတွေအတွက် အဆင်ပြေတယ်။ အခုဆရာဝန်မရှိတော့ တခြားဆေးရုံတွေမှာ သွားတက်နေရတော့ ပြည်သူတွေ အခက်အခဲအများကြီးရှိတယ်" လို့ ပြောပါတယ်။ အဖျောက်မြို့ဒေသခံ ကိုနိုင်ဦးက "ဆရာဝန်တယောက်ရောက်လာပြီး ပြန်ပြောင်းသွားတာ ၁ လကျော်ပြီ။ ဆေးရုံမှာ ဆရာဝန်မရှိတော့ ဆရာမတွေက တခြားဆေးရုံကို လွှတ်တယ်။ အဆင်ပြေတဲ့ မိသားစုက ပြဿနာမရှိပေမယ့် ဆင်းရဲတဲ့သူတွေမှာ အခက်အခဲတွေ အများကြီးရှိတယ်။ သက်ဆိုင်ရာဌာနတွေအနေနဲ့ ကျနော်တို့ဆေးရုံကို ဆရာဝန်တယောက် အမြန်ချပေးစေချင်တယ်" လို့ ပြောပါတယ်။ ဆေးရုံကြီးကြပ်ရေးအဖွဲ့ဝင် ဦးမြင့်သိန်းက "အဖျောက်စံပြ တိုက်နယ်ဆေးရုံက အဖျောက်မြို့တမြိုတည်း အားကိုးရတာမဟုတ်ဘူး၊ အခြားတိုက်နယ်တွေက ပြည်သူတွေပါ အားကိုးနေရတာ။ ၂၀၁၇ ခုနှစ်က အဖျောက်တိုက်နယ်ဆေးရုံက စံပြဆေးရုံဆုရထားတာ။ အခုဆရာဝန်မရှိတဲ့အတွက် အများကြီးအခက်အခဲတွေဖြစ်တယ်။ မြို့နယ်ကနေတဆင့် ကျန်းမာရေးဝန်ကြီးဌာနကို စာတင်တောင်းဆိုထားတယ်"လို့ ပြောပါတယ်။
3 years Ago

January 23, 2016

စစ်ဘက်မှ ဆေးမှူး၊ ပါရဂူများ ပြည်သူ့ဆေးရုံများသို့ ရောက်လာမည်ကို ဆရာဝန်များ ကန့်ကွက်

ဝေးလံတဲ့ဒေသတွေမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ ရှိနေတဲ့အတွက် စစ်ဘက်က ဆရာဝန်တွေ အရပ်ဘက်ကုသရေးမှာ တာဝန်ထမ်းဆောင်ဖို့က မဖြစ်သင့်ဘူးလို့ ဆရာဝန်တွေက ကန့်ကွက် ပြောဆိုလိုက်ပါတယ်။ စစ်ဘက်က ဆေးမှူးတွေ၊ ပါရဂူတွေကို နာဂဒေသမှာ တာဝန်ထမ်းဆောင်ဖို့ စာရင်းတောင်းတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် အရပ်ဘက်ဆရာဝန်တွေက ကန့်ကွက်နေကြတာပါ။ "အရပ်ဘက်ဆေးတက္ကသိုလ်က ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတယ်။ တပ်မတော်ဆေး တက္ကသိုလ်က ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ။ အစကတည်းက ရည်ရွယ်ချက်ချင်းလည်း မတူဘူး။ ၀န်ကြီးဌာနချင်းလည်းမတူဘူး။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိစ္စကို ကျန်းမာရေး ၀န်ကြီးဌာနကပဲ စီမံခန့်ခွဲသင့်တယ်" လို့ ကလေးအထူးကုဆရာဝန် ဒေါက်တာအလင်္ကာက ပြောပါတယ်။ ပါရဂူတွေကို ဝေးလံတဲ့ နေရာတွေကို ပို့မယ်ဆိုရင်လည်း ကာလအပိုင်းအခြားကို ပွင့်ပွင့်လင်းလင်း ရှိဖို့ လိုတယ်လို့ သူက ဆက်ပြောပါတယ်။ တစ်နိုင်ငံလုံးမှာ ဆရာဝန် သုံးသောင်းကျော်ရှိနေပြီး တစ်သောင်းကျော်ကိုပဲ အစိုးရက အလုပ်ခန့် ထားတာပါ။ အဲဒါကြောင့် ဆရာဝန် ၆ ယောက်က ပြည်သူ ၁၀၀၀၀ အတွက် တာဝန်ယူနေရတဲ့ အခြေအနေရှိပါတယ်။ အရပ်ဘက်ကုသရေးကို စစ်ဘက်ဆရာဝန်တွေ ၀င်ဖို့ စီစဉ်တာဟာ အမြင်လွဲတာကိုပဲ ဖြစ်စေတယ်လို့ ဝေဖန်ကြပါတယ်။ ဒေါက်တာသဉ္စာရှိန်က "လုပ်ချင်တယ်ဆိုရင်လည်း အဲဒီ နာဂ ဒေသမှာ တပ်မတော်ဆေးရုံတွေ သွားဆောက်လို့ ရပါတယ်။ ခုလို လုပ်တာကတော့ ဒီဘက်က ဆရာဝန်တွေက အဲဒီနေရာတွေကို မသွားဘူးလို့ မြင်စေတာပေါ့။ ပြီးတော့ ခု သွားမယ်ဆိုတဲ့သူတွေကရော အဲဒီဒေသမှာ တစ်သက်လုံးနေမှာလား" လို့ ဝေဖန်ပါတယ်။ နာဂဒေသ လေရှီးမြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းစိုး ကတော့ ဆေးရုံဟာ  ပါရဂူတွေလာဖို့ အတွက် အဆင်သင့်ဖြစ်တဲ့အခြေအနေမရှိဘူးလို့ ပြောပါတယ်။ "ကျွန်တော်တို့ လေရှီးမှာ မြို့နယ်ခွဲ နှစ်ခုရှိတယ်။ ဆရာဝန်တစ်ယောက်စီရှိတယ်။ လူဦးရေ မများတော့ လုံလောက်ပါတယ်။ လာတာမလာတာ ထားပါဦး။ ဝေလံတဲ့နေရာမှာ ဆရာဝန်မရှိလို့ လာရတာ ဆိုတာမျိုးကတော့ မကောင်းဘူးပေါ့" လို့ ပြောပါတယ်။ မကြာသေးခင်ကလည်း စစ်ဘက်ဆရာဝန်တွေ ပြောင်းလာဖို့ စီစဉ်ခဲ့တဲ့အတွက် ဖဲကြိုးနက်လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီး ကန့်ကွက်တဲ့ နောက်ပိုင်း ပြောင်းဖို့ မလုပ်တော့ပါဘူးလို့ ကျန်းမားရေး ၀န်ကြီးကိုယ်တိုင်က ပြောခဲ့ဖူးပါတယ်။
6 years Ago
Up