ဆရာဝန် ၂ ဦး

March 28, 2021

စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဆရာဝန် ၂ ဦးနှင့် သူနာပြု ၁ ဦးကျဆုံး

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့်  ကျဆုံးသွားခဲ့တဲ့ ပြည်သူတွေအထဲမှာ ဆရာဝန် ၂ ယောက်နဲ့ သူနာပြု ကျောင်းသူ ၁ ယောက် ပါဝင်ပါတယ်။

မတ် ၂၇ ရက်  ဖက်ဆစ်တော်လှန်ရေးနေ့မှာ စစ်တပ်နဲ့ ရဲလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်း ဖက်ပစ်ခတ်မှုကြောင့် နိုင်ငံတဝန်း လူ ၁၀၀ ကျော်ကျဆုံးခဲ့ရတာဖြစ်ပြီး စစ်အာဏာသိမ်းမှု ၅၄ ရက်အကြာမှာ  အကျအဆုံး၊ အသေအပျောက်အများဆုံး နေ့တနေ့ ဖြစ်လာခဲ့တာပါ။

ဒီလို ကျဆုံးခဲ့ရတဲ့ ပြည်သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ၊ ကျောင်းသားလူငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် နိုင်ငံ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဘောလုံးအားကစားသမားတွေလည်း ပါဝင်နေပါတယ်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဒေါက်တာ ဖြိုးသန့်ဝေဟာ မတ် ၂၇ ရက်က အ ကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် လည်ပင်းကျည်ထိမှန် ကျဆုံးခဲ့သလို ဒေါက်တာ သီဟတင်ထွန်းဟာလည်း မန္တလေးမြို့၊ ၄၂ လမ်းမှာ လက်မောင်းနဲ့ ဦးခေါင်းကို ပစ်ခတ်ခံ ရပြီး ကျဆုံးသွားတယ်လို့ သိရပါတယ်။ သူတို့ နှစ်ယောက်စလုံးဟာ မန္တလေးဆေးတက္ကသိုလ်မှ ကျောင်းသားဟောင်းတွေ ဖြစ်ပါတယ်။

ဒီကနေ့ မတ် ၂၈ ရက်နေ့မှာတော့ မုံရွာမြို့မှာ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သူနာပြုသင်တန်းကျောင်းမှ ဒုတိယနှစ်ကျောင်းသူ မသဉ္ဇာဟိန်း ဟာ ဦးခေါင်းကျည်ထိ ဒဏ်ရာနဲ့ ထပ်မံကျဆုံးသွားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ မှတ် တမ်းပြုစုချက်တွေအရ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူစုစုပေါင်း ၄၂၃ ယောက် ရှိခဲ့ပြီဖြစ်ကာ အမှန် တကယ် ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်းကတော့ ၂၄၂၈  ယောက် ထိ ရှိပြီး အဲဒီထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ ၂၄ ယောက် ရှိနေပြီလို့လည်း ဆိုပါတယ်။      

2 months Ago

September 21, 2020

မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ လူနာသစ် စံချိန်တင် တွေ့ရှိ၊ ဆရာဝန် ၂ ဦး ပါဝင်

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ စံချိန်တင် တွေ့ရှိခဲ့ပြီး အဲဒီထဲမှာ လူနာတွေကို အဓိက စောင့်ကြည့်ကုသပေးနေတဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံက ဆရာဝန် ၂ ဦး ကိုဗစ်ရောဂါပိုး ကူးစက်ခံလိုက်ရပါတယ်။  မွန်ပြည်နယ်မှာတော့ စက်တင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ကိုဗစ်လူနာ ၃၁ ဦးအထိ စံချိန်တင် ရောဂါပိုးတွေ့ရှိခဲ့တာပါ။  ဆရာဝန် ၂ ဦးဟာ စစ်ကဲကုန်းရပ်ကွက်က အိမ်လုံးကျွတ် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိနေတဲ့ နေအိမ် ၂ လုံးကြားမှာ နေထိုင်တဲ့ လူနာကို ရောဂါကုသပေးခဲ့ရာမှ လူနာရဲ့ သားဖြစ်သူ လူနာစောင့်ကတဆင့် ရောဂါး ပိုးကူးစက်ခံရတာ ဖြစ်ပါတယ်။ သူတို့ သားဖ ၂ ဦးဟာ ဘေးအိမ် ၂ အိမ်မှာ ကိုဗစ်-၁၉ ရောဂါပိုး အိမ်ကျွတ် တွေ့ရှိနေတဲ့အကြောင်း ဆရာဝန်တွေကို မပြောပြခဲ့တာလို့ မွန်ပြည်နယ် ပြည်နယ်သူ့ ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။ ဆရာဝန် ၂ ဦးရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက်ကြောင့် မော်လမြိုင် ပြည်သူ့ဆေးရုံက အထွေထွေရောဂါ အထူးကုပြင်ပ လူနာဌာနကို အသွားအလာကန့်သတ်ပြီး lock down ပြုလုပ်ထားပါတယ်။ လက်ရှိမှာတော့ ဆရာဝန် ၂ ဦးနဲ့ ထိတွေ့ထားတဲ့ တခြားဆရာဝန်တွေအပြင် ကျန်းမာရေး ဝန်ထမ်း ၇ ဦးကို အသွားအလာ ကန့်သတ်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသွားမယ်လို့ မော်လမြိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောပါတယ်။ ကိုဗစ်ကာလမှာ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ပြင်ပလူနာတွေကို ကြည့်ရှုကုသရာမှာတော့ level 2 ဖြစ်တဲ့ Mask နဲ့ face shield အသုံးပြု ကုသပေးရာမှ ရောဂါပိုး ကူးစက်ခံရတာဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။ မွန်ပြည်နယ်မှာတော့ စံချိန်တင် ရောဂါပိုး တွေ့ရှိမှုအရ ဘီးလင်းမြို့နယ်မှာ ၂၂ ဦးနဲ့ မော်လမြိုင်မှာ ၉ ဦး စုစုပေါင်း ၃၁ ဦး ရောဂါး ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။  လက်ရှိမှာတော့ ပြည်နယ်တဝန်းမှာ ကိုဗစ်လူနာ ၁၅၄ ဦးအထိ ရှိလာပါတယ်။ ဇော်လွင်ထွဋ်
8 months Ago
Up