ဆရာဝန်များ ဆန္ဒပြ

July 27, 2021

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် ဆရာဝန်များ ဆန္ဒပြ

မလေးရှားနိုင်ငံမှာ သဘောတူစာချုပ်နဲ့ ငှားရမ်းလုပ်ကိုင်တဲ့ ဆရာဝန်တွေဟာ မြို့တော် ကွာလာလမ်ပူကဆေးရုံမှာ ဇူလိုင် ၂၆ ရက်က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြပါတယ်။

လုပ်ခလစာနဲ့ ခံစားခွင့်ပိုရရေး၊ အမြဲတမ်းဝန်ထမ်းပုံစံနဲ့ ပိုကောင်းတဲ့ အလုပ်အကိုင် လုံခြုံရေးကို တောင်းဆိုဖို့ ပြည်လုံးကျွတ် ဆန္ဒပြပွဲရဲ့ အစိတ်အပိုင်းအဖြစ် လက်ကိုင်ပိုစတာတွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။

ကန်ထရိုက် ဆရာဝန်တွေရဲ့ ကိုယ်စားလှယ်က သူတို့ကို တန်းတူညီမျှ ဆက်ဆံဖို့ အစိုးရကို တိုက်တွန်းပါတယ်။ သူတို့ရဲ့ သဘောတူစာချုပ်ကို ၂ နှစ် သက်တမ်းတိုးဖို့ ဝန်ကြီးချုပ်ရဲ့ ကမ်းလှမ်းချက်က မလုံလောက်ဘူးလို့လည်း ပြောပါတယ်။

မလေးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းအချက်အလက်တွေအရ ကန်ထရိုက်နဲ့ ငှားရမ်းထားတဲ့ ဆေးဘက်အရာရှိ ၂၃,၀၀၀ ကျော်ဟာ သင်တန်းတက်ရပြီး ၂၀၁၆ ဒီဇင်ဘာကနေ ၂၀၂၁ မေလထိသာ မဖြစ်မနေ တာဝန်ထမ်းဆောင်ဖို့ လိုပါတယ်။

ဒါပေမဲ့ သူတို့ထဲက ၇၈၉ ယောက်သာ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခံရလို့ ကျန်တဲ့ ဆေးဘက်ဝန်ထမ်း အများအပြားအနက် တချို့က နိုင်ငံခြားမှာ အလုပ်အကိုင် လျှောက်ထားခဲ့ကြရပါတယ်။

မလေးရှားနိုင်ငံမှာ ဇူလိုင် ၂၅ ရက် တရက်တည်းမှာ ကိုဗစ်-၁၉ ကူးစက်ခံ လူနာ ၁၇,၀၀၀ ကျော်ထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

ဒါကြောင့် ဒေသတွင်းမှာ လူဦးရေနဲ့စာရင် ကူးစက်နှုန်းအမြင့်ဆုံး တနိုင်ငံ ဖြစ်နေသလို ကာကွယ်ဆေးထိုးနှုန်း အမြန်ဆုံး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်နေပါတယ်။

မလေးရှားဟာ ၂၀၂၁ ဒီဇင်ဘာမှာ ပြည်သူ ၈၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး အပြီးထိုးပေးဖို့ ရည်မှန်းထားပါတယ်။

4 months Ago

August 22, 2020

ကင်ညာ အစိုးရဆေးရုံ ဆရာဝန်များ ဆန္ဒပြ

ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီရှိ အစိုးရဆေးရုံတွေက  ဆရာဝန်တွေဟာ  လစာကြန့်ကြာတာနဲ့ ကိုဗစ်-၁၉ ရှိနိုင်တဲ့ လူနာတွေကို ကုသရာမှာ အကာအကွယ်ပစ္စည်း မရှိတဲ့အပေါ်  သြဂုတ် ၂၁ ရက်က သပိတ်မှောက် ဆန္ဒပြခဲ့ပါတယ်။  သပိတ်မှောက်ပွဲဟာ သြဂုတ်  ၂၁ ရက် သန်းခေါင်ယံအချိန်မှာ  စခဲ့တယ်လို့  ကင်ညာဆေးဘက်ပညာရှင်များသမဂ္ဂ အတွင်းရေးမှူးချုပ်က ဆိုပါတယ်။   သပိတ်မှောက်ပွဲမှာ နိုင်ရိုဘီကောင်တီ အစိုးရ ဆေးရုံက ဆရာဝန်  ၃၂၀ ခန့်ပါဝင်တယ်လို့ သမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။   သူတို့ဟာ ကျန်းမာရေးအာမခံချက် မပြည့်စုံမှု၊ ကာကွယ်ရေးပစ္စည်း အရည်အသွေးညံ့ဖျင်းမှုနဲ့ ကိုဗစ်-၁၉ လူနာတွေကို ကုသမယ့် သီးခြားဆောင်တွေ နည်းပါးတာကြောင့်  သပိတ်မှောက်ကြတာပါ။  အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး လူစုခွဲခဲ့ပါတယ်။   အဲဒီဆန္ဒပြသူတွေဟာ  အူဟူရုပန်းခြံက လွတ်လပ်ရေးကျောက်တိုင်အနီးမှာ စုဝေးပြီး အကာအကွယ်ပစ္စည်း ဝယ်ယူရာမှာ ခြစားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဆန့်ကျင်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။  ကင်ညာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃၁,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၅၃၂ ယောက် ရှိပါတယ်။   ကူးစက်သူ အများစုဟာ မြို့တော်နိုင်ရိုဘီက ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
1 year Ago
Up