ဆရာတော် ၂ ပါး

October 4, 2019

အကြမ်းဖက်မှုဖြင့် တရားစွဲခံရသည့် ဆရာတော် ၂ ပါးကို သက်သေမခိုင်လုံသဖြင့် ပြန်လွှတ်ပေး

အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ မြောက်ဦးမြို့နဲ့ ပုဏ္ဏားကျွန်းမြို့က ဆရာတော်နှစ်ပါးကို သက်သေခိုင်ခိုင်မာမာ မတင်ပြနိုင်တဲ့အတွက် စစ်တွေခရိုင်တရာရုံးက အောက်တိုဘာ ၄ ရက်နေ့မှာ တရားရှင် လွှတ်ပေးလိုက်ပါတယ်။ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်ရှိ ဂန္ဓာမာတောင်ကျောင်းထိုင်ဆရာတော် အပါအဝင် ပုဏ္ဏားကျွန်းက ဆရာတော်တပါးနဲ့ လူသုံးယောက်ကို ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှာ  စစ်တွေကနေ မြောက်ဦးကို ကားနဲ့လာတဲ့အချိန် ၃၇၉ တပ်ရင်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းက “ဒီအမှုမှာတရားလိုဘက်က သက်သေခိုင်ခိုင်မာမာမပြနိုင်ဘူး။ အဲ့ဒါကြောင့်ဒီအမှုမှာ ဆရာတော်နှစ်ပါးကို စွဲချက်မတင်မိတရားရှင်လွှတ်လိုက်တာ။ သူတို့နဲ့အတူစွဲထားတာ  အားလုံး ၅ ယောက်ပေါ့နော်။ ကျန်တဲ့သုံးယောက်ကိုတော့ အကြမ်းဖက်နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ အာပေးကူညီတယ်ဆိုပြီး ပုဒ်မ ၅၂ နဲ့ စွဲချက်တင်လိုက်တယ်။ သူတို့သုံးယောက်ကတော့ ရင်ဆိုင်ရမှာပေါ့” လို့ပြောပါတယ်။ ဒီအမှုထဲမှာ တရားလိုသက်သေ ၉ ဦးရှိပြီး တရားလိုပြသက်သေ  ဗိုလ်မှူးရဲဇော်ထွန်း၊ ဗိုလ်ကြီးပြည်သိမ်း၊ ခမရ ၅၃၉ က ဒုအရာခံဗိုလ် ညွန့်မောင်တို့က တရားရုံးမှာ လာရောက်  စစ်ဆေးခံတာမရှိဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းပြောပါတယ်။ ရှာဖွေပုံစံသက်သေ ဒုရဲအုပ်မျိုးကိုကိုနဲ့ဦးစိုးသန်း၊ ဦးစိန်လှထွန်းကတော့ ဒီအမှုနဲ့ပတ်သက်လို့ သူတို့မသိရှိတာကြောင်း ထွက်ဆိုခဲ့သလို နည်းပညာကျွမ်းကျင်တဲ့ မှုခင်းတပ်ဖွဲ့အရာရှိ တဦးကလည်း ဆရာတော်တွေဆီကသိမ်းဆည်းရမိတဲ့ဖုန်းတွေထဲမှာ မသင်္ကာစရာ ဆက်သွယ်မှု မတွေ့ရှိခဲ့ဘူးလို့ ထွက်ဆိုခဲ့ပါတယ်။
2 years Ago
Up