ဆရာ

October 6, 2019

ကျောင်းဆင်းချိန် ဆရာက တပည့်တယောက်ချင်းစီကို နှုတ်ဆက်သည့်ရုပ်သံ ရေပန်းစား (ရုပ်သံ)

ကျောင်းဆင်းချိန်မှာ ဆရာတဦးက တပည့်တွေနဲ့ တယောက်ချင်း နှုတ်ဆက်နေတဲ့ ဗွီဒီယိုဖိုင်တခုကို တင်ထားပြီး လူကြိုက်များနေပါတယ်။ မုံရွာမြို့၊ သက္ကယ်ကျင်းရွာ အလယ်တန်းကျောင်းမှာ ဖြစ်တယ်လို့ ဒီဗွီဒီယိုကိုတင်ထားတဲ့ ဆရာက ဖော်ပြထားပါတယ်။ ဝင်ပေါက်ဘေးမှာ ရေးထားတဲ့ နှုတ်ဆက်ချင်တဲ့ ပုံစံတခုခုကို ကျောင်းသားလေးတွေ ကိုယ်တိုင် ရွေးချယ်ရပြီး သူတို့ရွေးတဲ့ ပုံစံအတိုင်းဆရာနဲ့ နှုတ်ဆက်ပြီး အတန်းထဲက ထွက်ရတာ ဖြစ်ပါတယ်။ နံရံမှာ အသည်းပုံစံ၊ လက်ဝါးပုံစံ၊ လက်ဆွဲနှုတ်ဆက်တဲ့ပုံစံနဲ့ လက်သီးပုံစံ ဆွဲထားပြီး တခုခုကို ကျောင်းသားလေးတွေက ရွေးရပါတယ်။ လက်ဝါးပုံစံကို ရွေးရင် ဆရာနဲ့ လက်ဝါးချင်းရိုက်ရပြီး လက်ဆွဲနှုတ်ဆက်တဲ့ ပုံစံကို ရွေးရင် လက်ဆွဲနှုတ်ဆက်ရပါတယ်။ လက်သီးပုံစံကတော့ ဆရာနဲ့ လက်သီးချင်းတိုက်ရတာ ဖြစ်ပြီး အသည်းပုံစံကို ရွေးရင်တော့ ပွေ့ဖက်နှုတ်ဆက်ရတာပါ။ ဒီဗွီဒီယိုကို ကြိုက်နှစ်သက်ကြောင်း ပြထားသူ ထောင်ချီရှိနေသလို ပြန်ပြီး မျှဝေထားသူလည်း ထောင်ချီရှိပါတယ်။ ပြီးတော့ ချစ်စရာကောင်းကြောင်း၊ ဒီလို ဆရာတွေ အများကြီးလိုကြောင်း စတဲ့ မှတ်ချက်တွေကိုလည်း ပေးထားကြပါတယ်။ ကျောင်းသားလေးတွေဟာ နှုတ်ဆက်ရတဲ့ ပုံစံကို စိတ်ပါလက်ပါ ရွေးချယ်ကြပြီး ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်ကြသလို ပွေ့ဖက်နှုတ်ဆက်တဲ့ ပုံစံကိုလည်း တော်တော်များများ ရွေးချယ်ကြပါတယ်။
2 years Ago

October 5, 2019

ကမ္ဘာတဝန်းတွင် ဆရာ သိန်းပေါင်း ၆၉၀ လိုအပ်နေ

လစာနည်းပြီး တန်ဖိုးထားမခံရတဲ့ ဆရာတွေကို ဆွဲဆောင်ထိန်းသိမ်းဖို့ အားထုတ်တာဟာ စိန်ခေါ်မှုဖြစ်ပြီး ကမ္ဘာတဝန်းမှာ ဆရာ သိန်းပေါင်း ၆၉၀ လိုအပ်နေတယ်လို့ ကုလအဖွဲ့အစည်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီနေ့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွေကို ပေးပို့တဲ့ ယူနက်စကိုနဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့က ညွှန်ကြားရေးမှူးချုပ်၊ ယူနီဆက်ဖ်ရဲ့ အမှုဆောင်ဒါရိုက်တာ၊ ယူအန်ဒီပီရဲ့  အုပ်ချုပ်သူ၊ အပြည်ပြည်ဆိုင်ရာ ပညာရေးအဖွဲ့ရဲ အထွေထွေအတွင်းရေးမှူးတို့ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။ ကမ္ဘာတဝန်းမှာ ဆရာတွေ မလုံလောက်တာဟာ အလုပ်ရဖို့ မသေချာတာနဲ့ လုပ်ငန်းခွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးဖို့အတွက် အခွင့်အလမ်း ရှားပါးတာနဲ့ တစိတ်တပိုင်း ဆက်နွှယ်နေတယ်လို့ သူတို့က ဆိုပါတယ်။ ဒီအချိန်မှာ ဒါတွေကို အရေးယူ ဆောင်ရွက်ဖို့ အထူးလိုအပ်နေသလို ယူနက်စကို စာရင်းအင်းဆိုင်ရာအဖွဲ့ရဲ့ ကိန်းဂဏန်းတွေက စိုးရိမ်စရာ အနေအထားဖြစ်နေပြီး ၂၀၃၀ ပညာရေးအစီအစဉ်ကို ပြည့်မီဖို့ ကမ္ဘာတဝန်းမှာ ဆရာသိန်းပေါင်း ၆၉၀ အသစ်ခန့်ထားဖို့ လိုနေပါတယ်။ ဒီပြဿနာတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကျေးလက်တွေ၊ ဘေးအန္တရာယ်ကြုံနေရတဲ့ ဒေသတွေမှာ ထင်ထင်ရှားရှား တွေ့နိုင်ပြီး ဆရာတွေ (အထူးသဖြင့် ဆရာမတွေ)ဟာ အထီးကျန် ရပ်တည်မှု၊ အကြမ်းဖက်မှုအန္တရာယ်တွေနဲ့ ရင်ဆိုင်ရတာကြောင့် ကျေးလက်တွေမှာ ဆရာ လိုအပ်ချက် ပိုများနေတာ ဖြစ်ပါတယ်။ လာမယ့် ၁၀ နှစ်လောက်အတွင်းမှာ အငြိမ်းစားယူမယ့် ဆရာ သိန်း ၅၀ လောက် နေရာကို ဖြည့်ဆည်းဖို့အတွက်လည်း ငယ်ရွယ်တဲ့ဆရာတွေ လိုအပ်နေပြီး လက်ရှိမှာတော့ ရှားပါးနေတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်း ကျင်းပနေကြပြီး လူတိုင်း ပါဝင်ပြီး သာတူညီမျှဖြစ်တဲ့ အရည်အသွေးရှိ ပညာရေး၊ လူတိုင်းအတွက် ဘဝတသက်တာ သင်ယူမှု အခွင့်အလမ်းတွေ ကမ္ဘာ့နေရာ အနှံ့အပြားမှာ အမှန်တကယ် ဖြစ်လာဖို့ နေ့စဉ်ရက်ဆက် ကြိုပမ်းအားထုတ်နေတဲ့ ကမ္ဘာတဝန်းက ဆရာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့အခမ်းအနားကို ကျင်းပတာလို့လည်း သူတို့က ဆိုပါတယ်။ Photo : MOI
2 years Ago
Up